အပေါင်ဆိုင်က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင် ဖမ်းခံရ

Image caption တအောင်း ဥပဒေ အထောက်အကူပြု အဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်

ဒီဇင်ဘာ ၂၁ ရက်နေ့ မူဆယ်မှာ သေနတ် ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီးနောက် တအာင်း ဥပဒေ အကျိုးဆောင်အဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီး ထိန်းသိမ်းခံ ထားရပါတယ်။

မူဆယ်မြို့ ကောင်းမူတုန် ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ သေနတ်ပစ်ခတ်မှု အတွင်း ပြည်သူ့စစ်တယောက် သေဆုံးသွားပြီး နောက်ပြည်သူစစ် တယောက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

တအာင်း ဥပဒေ အကျိုးဆောင်အဖွဲ့က မိုင်းမျိုးအောင် ဟာ အပြစ်မရှိပဲ ဖမ်းဆီးခံထားရတာ လို့ တအောင်း ဥပဒေ အထောက်အကူပြု အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မိုင်းမျိုးအောင်ဟာ အလုပ်ကိစ္စနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က မူဆယ်ကို တက်သွားခဲ့ပြီး ၂၁ရက်နေ့မှာ အလုပ်ကိစ္စနဲ့ အခင်းဖြစ်ရာ အပေါင်ဆိုင်ဖက်ကို ရောက်သွားခဲ့ပြီး အဲဒီနေ့ မနက် ၆နာရီခွဲ ကတည်းက သူက အဲဒီ အဝန်းအဝိုင်း ကနေ ထွက်သွားခဲ့တာ ဖြစ်ပြီး ပစ်ခတ်မှုက မနက် ဆယ်နာရီ ခွဲမှာ ဖြစ်တာလို့ တအာင်း ဥပဒေအကျိုးဆောင်အဖွဲ့ က မိုင်းရှိန်ထွန်း က ပြောပါတယ်။

စီစီတီဗွီ မှတ်တမ်းတွေ အရ စတင် အချင်းများခဲ့ကြတဲ့ နေ့မှာ မိုင်းမျိုးအောင် ပါ၀င်ခဲ့ပြီး ပစ်ခတ်မှု ဖြစ်တဲ့နေ့မှာ လာတဲ့ သုံးယောက် အနက် တယောက်ကိုသာ မျက်နှာ တွေ့ရပြီး ကျန် နှစ်ယောက်ကတော့ မျက်နှာအုပ်ထားလို့ မမြင်ရဘူးလို့ မိုင်းမျိုးအောင် ကို ချုပ်ထားတဲ့ မူဆယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမြင့် က ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က စီးလာတဲ့ ကားနဲ့ အတူ မိုင်းမျိုးအောင်ကို တောင်ရပ်ကွက်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ပစ်ခတ်တဲ့နေ့မှာ မျက်နှာမြင်ရတဲ့ တရားခံတယောက်နဲ ကျန်မျက်နှာဖုံးစွပ် တယောက်ကတော့ ထွက်ပြေး လွတ်မြောက်လျက် ရှိလို့ စခန်းမှူးက ဆိုပါတယ်။

ဒါဟာ လူသတ်မှု ဖြစ်လို့ ရမန် နှစ်ပတ်ရပြီး မိုင်းမျိုးအောင် ကို ဇန်နဝါရီ ၃ ရက်မှာ နောက်ထပ် ရမန် ထပ်ယူကာ ဇန်နဝါရီ ၁၇ ရက်နေ့မှာတော့ ရုံးထုတ် စစ်ဆေးမယ်လို့ တအောင်း ဥပဒေ အထောက်အကူပြု အဖွဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။