NLDစည်းကမ်းထိန်းသိမ်းရေး ပြန်ဖွဲ့မယ်

ဓာတ်ပုံ မူပိုင် NLD facebook
Image caption ပုံမှန် အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

၂၀၁၇ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြတဲ့ ပါတီ ပထမ ဗဟိုကော်မတီ အဋ္ဌမအကြိမ် ပုံမှန် အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။

ပြည်နယ် နဲ့ တိုင်းအသီးသီးက NLD ပါတီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတဲ့ ပါတီ ဗဟို ကော်မတီ အစည်းအဝေး အပြီး သတင်းစာရှင်းပွဲမှာတော့ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းဖို့ နဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ ကိစ္စတွေကို အဓိကထား ပြောခဲ့ကြပါတယ်။

လောလောဆယ်မှာ ပြည်နယ်နဲ့ တိုင်းတွေက ပါတီဝင်တွေနဲ့ ပတ်သက်လို့ တိုင်ကြားစာ ၄၀၀ လောက် လက်ခံရထားပြီး ဒီထဲက ၂၀၀ လောက်ကတော့ တကယ် စုံစမ်းစစ်ဆေးရမှာ ဖြစ်ပေမယ့် အဲဒီလို စုံစမ်း စစ်ဆေးပြီးမှ သာလျှင် ဆက်လက် အရေးယူ ဆောင်ရွက်ဖို့ လိုမလို ဆိုတာကို သိနိုင်မှာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

လွှတ်တော်ထဲ ရောက်သွားတယ် ဆိုရင် ပါတီ အခြေအနေနဲ့ လွှတ်တော် အခြေအနေတွေမှာ အကန့်အသတ်တွေ အများကြီး ရှိတာကြောင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ အဖွဲ့ဝင်တွေကို ရှာဖွေပြီး အဲဒီ အဖွဲ့၀င်တွေနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းမယ်လို့ ဦးဉာဏ်ဝင်း က ဆိုပါတယ်။

NLD ပါတီရဲ့ အဓိက လုပ်ငန်းစဉ်တခုဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကချင်ပြည်နယ်ကို အမျိုးသမီး အဖွဲ့က သွားရောက်ခဲ့ပြီး နောက်ထပ်လည်း ရှမ်းမြောက်နဲ့ ရခိုင်ကိုလည်း သွားဖို့ ရှိတယ်လို့ ဦးဉာဏ်ဝင်း က ရှင်းပြခဲ့ပါတယ်။

(၆)လ တကြိမ်လုပ်တဲ့ ပါတီဗဟိုကော်မတီ အစည်းအဝေးကို ပါတီ ခေါင်းဆောင်ပိုင်းက ဗဟိုကော်မတီဝင်တွေ ပြည်နယ်နဲ့ တိုင်း အလုပ်အမှုဆောင် ဥက္ကဌတွေ ဝန်ကြီးချုပ်တွေ အယောက် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာတော့ ပါတီကော်မတီတွေက နိုင်ငံရေး စီးပွားရေး ငြိမ်းချမ်းရေး နဲ့ စည်းကမ်းပိုင်ဆိုင်ရာ ကော်မတီတွေကနေ တင်သွင်းတဲ့ အစီရင်ခံစာတွေကို ဆွေးနွေးခဲ့ကြပြီး ပါတီ အလုပ်အမှုဆောင်တွေကို အစားထိုးဖြည့်ဆည်းဖို့၊ ပါတီ အစိုးရ လွှတ်တော် ဟန်ချက်ညီညီဆောင်ရွက်ဖို့တွေအပြင် ပါတီ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ကိုလည်း ပြည်နယ်တိုင်းအလိုက် ဖွဲ့စည်းဖို့တွေကို ဆုံးဖြတ်ခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အစည်းအဝေး ဆုံးဖြတ်ချက်တွေဖြစ်တဲ့ ပါတီရဲ့ ရည်မှန်းချက် လုပ်ဆောင်ချက်တွေကို ပန်ကြားခဲ့တာ ရှိတဲ့အတွက် NLD အနေနဲ့ ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးဖို့ သတင်းမီဒီယာတွေဖက်က လိုလားနေကြပါတယ် ။