နျူသုံးဖို့ အသင့်ဖြစ်ပြီလို့ အမေရိကန်ကို မြောက်ကိုရီးယား ခြိမ်းခြောက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ ခုနှစ် နှစ်သစ်ကူးမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ကင်ဂျွန်အွန်းက ပြောဆိုလိုက် တာပါ။

နျူကလီးယားဒုံးကျည်ကို ပစ်လွှတ်တဲ့ခလုတ်ဟာ မိမိရဲ့စားပွဲပေါ်မှာ အမြဲ အသင့် ရှိနေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျွန်အွန်းက အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက် လိုက်ပါတယ်။

၂၀၁၈ ခုနှစ် နှစ်သစ်ကူးမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ကင်ဂျွန်အွန်းက အခုလို ပြောဆိုလိုက် တာပါ။

အမေရိကန်က မြောက်ကိုရီးယားကို ဘယ်တော့မှာ စစ်တိုက်မှာ မဟုတ်သလို အမေရိကန် တနိုင်ငံလုံးဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ပစ်ဖို့ လက်လှမ်းမီတယ်လို့ သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်ပြန်

ဒါပေမယ့်နိုင်ငံရဲ့လုံခြုံရေးကို မခြိမ်းခြောက်သရွေ့ နျူကလီးယား လက်နက်ကို စသုံးမှာ မဟုတ်ဘူးလို့ ကင်ဂျွန်အွန်းက ဆိုပါတယ်။

ဒီနှစ်မှာတော့ နျူးကလီးယား ထိပ်ဖူးနဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ အမြောက်အများ ပိုထုတ်ဖို့ အာရုံစိုက်ထားတယ်လို့ မစ္စတာကင်က ပြောပါတယ်။

မစ္စတာ ကင်က နျူကလီးယားလက်နက်အကြောင်း အရေးပေးပြောဆိုနေပေမယ့် သူ့ရည်မှန်းချက် ပြည့်ဖို့ အဆင့်အနည်းငယ် လိုနေသေးတယ်လို့လည်း ပြောပါတယ်။

ကင်ဂျွန်အွန်းရဲ့ ဒီလို ခြိမ်းခြောက်ပြောဆိုမှုကို စောင့်ကြည့်နေတယ်လို့ အမေရိကန် ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်ကို ပစ်နိုင်တဲ့ အခြေအနေ အပြည့်ရှိနေပြီလို့ ပြောနေပေမယ့် ဒီလို တိုက်ခိုက်နိုင်တဲ့ စွမ်းရည် ဘယ်လောက်ရှိမလဲဆိုတာကို နိုင်ငံတကာက သံသယနဲ့ မေးခွန်းထုတ်နေပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ပတ်သက်တဲ့ မူဝါဒ သိသိသာသာ ပြောင်းလာတာ မြင်ရတယ်လို့ မြောက်ကိုရီးယား ဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း ဂျွန်အီဗာရတ်က သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် KCNA
Image caption မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ပတ်သက်တဲ့ မူဝါဒ သိသိသာသာ ပြောင်းလာတယ်။

ဒီမူဝါဒသစ်အရဆိုရင် တောင်ကိုရီးယား ဂျပန် စတဲ့နိုင်ငံတွေကိုလည်း နျူလက်နက် သုံးခွင့်ရှိတယ်လို့ အဓိပ္ပာယ် သက်ရောက်တဲ့အတွက် စိုးရိမ်စရာ ကောင်းတယ်လို့ သံအမတ်ဟောင်းက ဆိုပါတယ်။

တဖက်မှာ အမေရိကန်ကို ခြိမ်းခြောက်ပြောဆိုနေပေမယ့် တခြားတဖက်မှာတော့ တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲပဲလို့ မစ္စတာ ကင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားနိုင်ငံ ထူထောင်တာ အနှစ် ၇၀ ပြည့်တဲ့ အချိန်နဲ့ တောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ်ပွဲကျင်းပမယ့်အချိန် တိုက်ဆိုင်နေပါတယ်။

ဒါအပြင် ၂၀၁၈ ခုနှစ်ဟာ မြောက်ကိုးရီးယားနိုင်ငံ ထူထောင်တာ အနှစ် ၇၀ ပြည့်တဲ့ အချိန်နဲ့ တောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ်ပွဲကျင်းပမယ့်အချိန် တိုက်ဆိုင်နေတာကြောင့် တင်းမာတဲ့ ဆက်ဆံရေးကို လျှော့ချပြီး သမိုင်းမှာ အထူးမှတ်တမ်းတင်မယ့်နှစ် အဖြစ် ကြိုးပမ်းရမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ တောင်ကိုရီးယားမှာ ကျင်းပမယ့် အိုလံပစ်ပွဲကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်သွားမယ်လို့ ကင်ဂျွန်အွန်းက ပြောပါတယ်။