NCA စာချုပ်ကို တပ်မတော်ချိုးဖောက်တယ်လို့ KNU စွပ်စွဲ

ဓာတ်ပုံ မူပိုင် KNU
Image caption ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး နဲ့ တပ်မတော် အကြီးအကဲတို့ ပြီးခဲ့တဲ့ နို၀င်ဘာလက တွေ့ဆုံ

ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေထဲမှာ တပ်မတော်က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ် (အန်စီအေ)ပါ အချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်ကို ကျူးလွန်တယ်လို့ ကေအန်ယူက စွပ်စွဲလိုက်ပါတယ်။

တပ်မတော်က တပ်စခန်းတွေကို ရိက္ခာပို့ဖို့ ဆိုပြီး ကေအန်ယူ ထိန်းချုပ်တဲ့ ကျောက်လုံးကြီး ကျေးရွာနဲ့ အနီးတဝိုက်က ရွာတွေကို တရွာ လှေနှစ်စီး ပေးဖို့ ဒီဇင်ဘာ ၂၉ ရက်နေ့ကကျေးရွာတွေကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို စေခိုင်း လုပ်ဆောင်မှုတွေကြောင့် ရွာသားတွေဟာ ကြောက်ရွံ့လျက် ရှိပြီး ငြိမ်းချမ်းရေး တည်ဆောက်နေချိန်မှာ အခုလို လုပ်ရပ်တွေဟာ ဒေသခံတွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အယုံအကြည် နည်းလာစေတယ်လို့ ကေအန်ယူ မြိတ် ထား၀ယ် ခရိုင် အတွင်းရေးမှူး ပဒို စောအယ်နာ က ပြောပါတယ်။

လမ်းဖောက်လုပ်မှုနဲ့ ပတ်သက်လို့လည်း ဖောက်တဲ့လမ်းဖက်မှာ ရွာမရှိသလို ၊ အဲလို မဖောက်ခင်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်နဲ့ ကေအန်ယူ ဖက်ကို ညှိနှိုင်း အကြောင်းကြားတာမျိုး မရှိတဲ့ အတွက် ဘာရည်ရွယ်နဲ့ ဖောက်တာလဲ ဆိုတာကို သံသယ ရှိလာတယ်လို့ ပဒို စောအယ်နာ က ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူ ထိန်းချုပ်ရာ ရာဝါး ရွာကနေ ဘာလာအိုးထာရွာ အထိ တပ်မတော်က လမ်းဖောက်လုပ်တာတွေကို ကေအန်ယူက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ဖြစ်ပျက်မှုတွေနဲ့ ပတ်သက်လို့ တနင်္သာရီ တိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (ဂျေအမ်စီ) ထံ စာရေးသားပေးပို့လိုက်ပြီး ဒီလို လုပ်ရတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်မှု မရှိအောင် လုပ်ထုံး လုပ်နည်း အရ လုပ်ရတာ ဖြစ်ပေမယ့် ဘယ်လောက် ထိရောက်မှု ရှိလာမလဲ ဆိုတာကိုတော့ မသိနိုင်ဘူးလို့ သူက ရှင်းပြပါတယ်။

တဖက်နဲ့ တဖက် အပစ်ရပ်စဲရေး အန်စီအေ သဘောတူ စာချုပ်ကို ချိုးဖောက်တာတွေ ရှိရင် JMC ထံ ပေးပို့ပြီးနောက် အစည်းအဝေးမှာ ညှိနှိုင်းလေ့ရှိပြီး ကေအန်ယူ အနေနဲ့ လက်နက်အားကို မသုံးဘဲ ငြိမ်းချမ်းရေးကို ညှိနှိုင်း ဆွေးနွေးမှုနဲ့ဘဲ ထိန်းသိမ်းဘို့ လိုလားတဲ့အတွက် အခုလို လုပ်ဆောင်ရတာလို့ သူက ဆိုပါတယ်။

အခုလို တိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (ဂျေအမ်စီ) ထံ စာရေးသားပေးပို့လို့မှ အဆင်မပြေဘူး ဆိုရင် ပြည်ထောင်စု အဆင့်မှာ တင်ပြပြီး ဆက်လက် ဆွေးနွေး အဖြေရှာ မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အရင် အစိုးရ လက်ထက် တုန်းကလည်း အစိုးရဖက်က NCA စာချုပ်ချိုးဖောက်တယ်လို့ ကေအန်ယူ အဖွဲ့ ကကြေညာခဲ့ဖူးတာ ဖြစ်ပါတယ်။