ကြံ့ခိုင်ဖွံ့ဖြိုးရေး ဗဟိုဦးဆောင်ကော်မတီ ဖျက်သိမ်းပြီ

ဓာတ်ပုံ မူပိုင် UNDP facebook
Image caption သမ္မတဟောင်း ဦးသိန်းစိန် မွေးရပ်မြေ ငပုတောကို ၂၀၁၅ အောက်တိုဘာလက သွားရောက်ခဲ့စဉ်

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် (၉) ဦးပါတဲ့ ဗဟိုဦးဆောင်မှုကော်မတီကို ဖျက်သိမ်းပြီး သူတို့တွေကို ပါတီဝင်အဖြစ်ပဲ ဆက်လက် ထားရှိမယ်လို့ ကြံခိုင်ရေးပါတီက ပြောပါတယ်။

လက်ရှိ ပါတီ ဥက္ကဌ ဦးသန်းဌေးခေါင်းဆောင်တဲ့ မျိုးဆက်သစ် အလုပ်အမှုဆောင် အဖွဲ့ အနေနဲ့ ပါတီ လုပ်ငန်းတွေ ဆောင်ရွက်နေမှုကို ကြည့်ရတာ ကျေနပ်မှု ရှိပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တဲ့ ပါတီ လုပ်ငန်းစဉ်တွေကို အကောင်ထည် ဖော်နေတဲ့ အပေါ် ချီးကျူးတယ်လို့ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြောင်း ပါတီ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။

သူတို့အနေနဲ့ အသက်ကြီးပြီဖို့ အနားယူလိုပြီး လူငယ်တွေကို ဆက်လုပ်ဖို့ နေရာပေးလိုတယ် ၊ ပါတီဝင် အဖြစ်နဲ့တော့ ဝန်းရံပေးသွားမှာ ဖြစ်ပြီး လိုအပ်တဲ့ အကြံပေးသွားမယ် လို့ ဆိုတာကြောင့် ဗဟိုကော်မတီဝင်တွေရဲ့ ဆန္ဒအရ ဖျက်သိမ်းလိုက်တာလို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

လက်ရှိ ပါတီကို ခေါင်းဆောင်နေကြသူတွေဟာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တုန်းက ၀န်ကြီးဟောင်းတွေ ဖြစ်ပြီး လက်တွဲခေါ်ကာ လေ့ကျင့်ပေးထားသူတွေ ၊ အတွေ့အကြုံရှိသူ ဖြစ်တယ်လို့လည်း ဒေါက်တာ နန္ဒာ လှမြင့်က ရှင်းပြပါတယ်။

ဒါ့အပြင် ကြံခိုင်ရေးပါတီဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အရင်ကလုပ်ခဲ့တဲ့ မူဝါဒအတိုင်း ရှေးရှုလုပ်ဆောင်သွားမှာဖြစ်ပြီး ပါတီခေါင်းဆောင်မှုကိုလည်း အဆင့်လိုက်လွှဲပြောင်းပေးသွားမယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

အခုဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ဗဟိုဦးဆောင်မှုကော်မှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ပါတီ ဒုဥက္ကဌဟောင်း ဦးဌေးဦး အပါအဝင်၊ ဦးခင်အောင်မြင့်၊ ဦးလွန်းသီ၊ ဦးသောင်း၊ ဦးစိုးသာ၊ စတဲ့အရင်အစိုးရ လွှတ်တော်ဥက္ကဋ္ဌ ဟောင်း၊ အမတ်ဟောင်းနှင့် ဝန် ကြီးဟောင်းတွေ ပါတဲ့အဖွဲ့ဝင် (၉)ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကြံခိုင်ရေးပါတီဟာ၂၀၁၅ ရွေးကောက်ပွဲမှာ အန်န်အယ်လ်ဒီကို မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီး အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲအနိုင်ရဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ လူထုစည်းရုံးမှုတွေ ပိုလုပ်လာနေပါတယ်။

အများရဲ့ အမြင်မှာတော့ ကြံခိုင်ရေးပါတီဟာ အရင်အစိုးရအဖွဲ့ရဲ့ အမြင်ကိုဆက်ခံထားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာဖြစ်ပြီး အခုလို ပါတီခေါင်းဆောင်မှုပြောင်းလဲတာထက် တိကျတဲ့ မဟာဗျူဟာချမှတ်ဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ