ထင်းခွေသွားတဲ့ စစ်ရှောင် ၅ဦး မုန်းကိုးမှာ မိုင်းထိ

Image caption Google Mapပေါ်မှတွေ့ရတဲ့ မုန်းကိုးမြို့

ရှမ်းပြည် မူဆယ်ခရိုင် မုန်းကိုးမြို့မှာ ဇန်နဝါရီလ ၈ ရက်နေ့က အမျိုးသား ၅ ယောက် ထင်းခွေ သွားရာမှာ မြေမြှုပ်မိုင်းထိပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြပါတယ်။

အခုမိုင်းနင်းမိတဲ့ ဒေသခံတွေက ကချင်လူမျိုး ၄ ဦးနဲ့ တရုတ်လူမျိုးတဦးဖြစ်ပါတယ်။ ကချင်လူမျိုး ဦးခေါင်ဒေါင်၊ ဦးတိုင်ဇယ်၊ ဦးယိန်းယော်နဲ့ ခရစ်ယာန်နှစ်ခြင်း အသင်းတော်များ အဖွဲ့ (ကေဘီစီ)ရဲ့ သင်းထောက် ဦးဇောင်းခေါင်တို့ဖြစ်ကြပါတယ်။ တရုတ်အမျိုးသားကတော့ ဦးချာလောင်ဖ ဖြစ်ပါတယ်။

မန်ဂျပ်ရွာဖက်ကို ထင်းခွေသွားရာကနေတဦးက ပထမဆုံး မိုင်းနင်းမိသူ့ကို ဖေးကူကာ လမ်းမဖက်ကို ထွက်လာရာမှာ နောက်ထပ်တလုံး ထပ်နင်းမိလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာလို့ ကေဘီစီအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇောင်းရားက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကို အခုအခါ တရုတ်နိုင်ငံ မန်စီမြို့ဆေးရုံမှာ ဆေးကုသဖို့ ဆေးရုံ တင်ထားတယ်လို့လည်း သူကဆိုပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေဟာ မူလက မန်ဂျပ်ရွာမှာနေသူတွေဖြစ်ပြီး မနှစ်ကတိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာကိုစွန့်ပစ်ပြီး မုန်းကိုးမြို့ကို ပြောင်းရွှေ့သွားတဲ့သူတွေပါ။

မန်ဂျပ်ရွာမှာ မနှစ်က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တရွာလုံးလိုလိုဟာ မုန်းကိုးမြို့ပေါ်မှာ စစ်ဘေးက တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒဏ်ရာရတဲ့သူတွေကို အခုအခါ တရုတ်နိုင်ငံ မန်စီမြို့ဆေးရုံမှာ ဆေးကုသဖို့ ဆေးရုံ တင်ထားတယ်

ကျွဲနွားတွေကို စောင့်ရှောက်တဲ့သူ တယောက်စနှစ်ယောက်စသာ ရွာမှာ ကျန်နေတာပါ။

မန်ဂျပ်ရွာကနေ စစ်ရှောင်လာသူတွေဟာ ရွာကိုပြန်ချင်ကြပေမယ့် ရွားနီးချုပ်စပ်မှာထောင်ထားတဲ့ မိုင်းတွေကို ကြောက်လို့ မပြန်ရဲကြဘူးလို့လည်း ဆိုပါတယ်။