ကေအန်ပီပီတပ်ဖွဲ့ဝင် အသတ်ခံရမှု အရေးမယူလို့ လွှတ်တော်ကော်မတီဝင် နုတ်ထွက်

ဓာတ်ပုံ မူပိုင် Kayan Youth Generation
Image caption လွှတ်တော်ကို အယုံအကြည်မရှိတော့သလို လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မီတီကနေ နုတ်ထွက်ကြောင်း

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခဲ့တာကို ပြည်နယ်လွှတ်တော်က အရေးမယူတာဟာ မတရားမှုကို အားပေးရာ ရောက်တယ်လို့ ကယားပြည်နယ် လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေး ကော်မီတီ အဖွဲ့ဝင် ခူးတူရယ်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လစ်လျူရှုထားပေမယ့် သတ်ဖြတ်မှုကို အရေးယူပေးဖို့ တောင်းဆိုတဲ့သူ ၅ ဦးကို တရားစွဲထားပြီး သတ်ဖြတ်တဲ့သူတွေကို ဘာကြောင့် တရားမစွဲ နိုင်ရတာလဲလို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Kantarawaddy Times
Image caption သတ်ဖြတ်မှုကို အရေးယူပေးဖို့ တောင်းဆိုတဲ့သူ ၅ ဦးကို တရားစွဲထား

ဒါကြောင့် လွှတ်တော်ကို အယုံအကြည်မရှိတော့သလို လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မီတီကနေ နုတ်ထွက်ကြောင်း ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဆီ မနေ့က စာတင် ထားတယ်လို့လည်း ခူးတူးရယ်က ပြောပါတယ်။

ခုလို နုတ်ထွက်ခွင့်တောင်းတာဟာ ပြည်သူတွေ အကာအကွယ်မဲ့နေပြီး ဖိနှိပ်ခံနေရတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကို သိစေချင်တယ်လို့ ဆိုပါတယ်။

နုတ်ထွက်စာကို ခုချိန်ထိ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Kantarawaddy Times
Image caption လွိုင်ကော်မြို့ အနီး ၇ မိုင်ကင်းစခန်းမှာ တာဝန်ကျနေတဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေက သစ်တင်လာတဲ့ ကားတစီးကို စစ်ဆေးခဲ့

ဒီဇင်ဘာလကုန်ပိုင်းက လွိုင်ကော်မြို့ အနီး ၇ မိုင်ကင်းစခန်းမှာ တာဝန်ကျနေတဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေက သစ်တင်လာတဲ့ ကားတစီးကို စစ်ဆေးခဲ့ရာကနေ ကေအန်ပီပီ တပ်သား ၃ ဦးနဲ့ အရပ်သားတဦးကို တပ်မတော်က သတ်လိုက်တယ်လို့ ကေအန်ပီပီက စွပ်စွဲထားပါတယ်။

ဒီလိုသတ်ဖြတ်မှုကို ကန့်ကွက်ဆန္ဒပြသူ ၅ ဦးကိုလည်း အစိုးရက တရားစွဲ ချုပ်နှောင်မှုတွေ လုပ်ဆောင်နေပါတယ်။