ကောင်းမှုတော် ထုံးသင်္ကန်းပြန်ကပ်ဖို့ တောင်းဆို

စစ်ကိုင်းမြို့အဝင်က နှစ်ပေါင်း ၃၈၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ကောင်းမှုတော် ဘုရားကြီးကို ရှေးမူအတိုင်း ထုံးသင်္ကန်း ပြန်ကပ်ဖို့ စစ်ကိုင်း မြို့မိ မြို့ဖတွေက ဦးဆောင်ပြီး တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလအတွင်းမှာ လူထု ထောက်ခံဆန္ဒမဲ ကောက်ခံပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကနေ တစ်ဆင့် သက်ဆိုင်ရာကို တင်သွားမယ်လို့လည်း သူတို့က ဆိုပါတယ်။

Image caption ကောင်းမှုတော်ဘုရားကြီး

စစ်ကိုင်းမြို့ရဲ့ အထင်ကရ ဒီဘုရားကြီးကို ထုံးသင်္ကန်း ပြန်ကပ်ဖို့ စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အရင်တုန်းက လွှတ်တော်မှာ တင်ခဲ့ပြီး သာသနာရေး ဝန်ကြီးက အခုကပ်ထားတဲ့ ရွှေသင်္ကန်းက ရွှေရောင်မှေးမှိန်သွားရင် ပြန်ကပ်နိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

နယ်ခံ ဆရာတော်တွေကလည်း နောက် ၂ နှစ်နေမှ ထုံးသင်္ကန်း ပြန်ကပ်ဖို့ မိန့်ထားပေမယ့် ကောင်းမှုတော် ဘုရားဂေါပက က ရွှေသင်္ကန်း ပြန်ကပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်း အခုလို မြို့ခံတွေရဲ့ တောင်းဆိုချက် ထွက်ပေါ်လာခဲ့တာပါ။

ဘုရားကြီးကို ရွှေသင်္ကန်း ပြန်ကပ်တယ် ဆိုတာဟာ မဟုတ်မှန်ဘူးလို့ ကောင်းမှုတော် ဘုရားကြီး ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးတုတ်က ငြင်းပါတယ်။

ကောင်းမှုတော်ဘုရားကြီးကို ၂၀၁၀ ဒီဇင်ဘာလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘုရားဖူးလာပြီးနောက် တိုင်းမှူးတွေက စုပေါင်းပြီး ရွှေရောင်သင်္ကန်း ကပ်လှူခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ