မစင်တွင်းနိုင်ငံတွေ အဖြစ် သမ္မတထရမ့်က နှိမ်ချ ပြောလို့ နိုင်ငံတကာ ရှုတ်ချဝေဖန်

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ ထရမ့်

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ပြည်ပ လူဝင်မှု ဆိုင်ရာ မူဝါဒ အစည်းအဝေး မှာ အာဖရိက နိုင်ငံတွေ ကို ရင့်ရင့်သီးသီးအနေနဲ့ မစင်တွင်း နိုင်ငံတွေ အဖြစ် သမ္မတထရမ့် က နှိမ်ချ ပြောဆိုလိုက်တဲ့ အတွက် နိုင်ငံတကာ ရှုတ်ချဝေဖန်မှု တွေ နဲ့ ရင်ဆိုင်နေရသလို တောင်းပန် စကား ဆိုရမယ်လို့ အာဖရိက နိုင်ငံ တွေက တောင်းဆို လိုက်ကြပါတယ်။

သမ္မတထရမ့်ဟာ တာဝန်မဲ့တဲ့ စကားလုံး အသုံးအနှုန်းတွေကို လူမျိုး အသားအရောင် ခွဲခြားမှု စိတ်ရင်းခံ နဲ့ စော်ကား ပြောတာ ဖြစ်တဲ့ အကြောင်း ဘော့စ်ဝါနာ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ Pelonomi Venson Moitoi က ပြောပါတယ်။

အမေရိကန် အစိုးရ ဟာ အာဖရိက နိုင်ငံတွေ နဲ့ရော အာဖရိက နိုင်ငံသားတွေ အပေါ်မှာပါ အကြီးအကျယ် နားလည်မှု လွဲမှားဖြစ်စေတယ် လို့ အာဖရိက သမဂ္ဂ က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

တနိုင်ငံ နဲ့ တနိုင်ငံ ဆက်ဆံရေး မှာ သာတူညီမျှ ရှိရေးနဲ့ အပြန်အလှန် လေးစားမှု ရှိဖို့ လိုနေပြီ ဖြစ်တဲ့ အတွက် လေးနက်တဲ့ တွေ့ဆုံ ဆွေးနွေးမှု တရပ်တော့ လိုနေပြီ လို့လည်း ကြေညာချက်မှာ ဆိုထားပါတယ်။

မစ္စတာ ထရမ့် ကတော့ သူ ဒီစကားလုံး ကို မသုံးပါဘူး လို့ ပြောပေမဲ့ အထက်ပါ အစည်းအဝေး ကို တက်ရောက်တဲ့ ဒီမိုကရက် ဆီးနိတ် အမတ် ဒစ် ဒါဘင် က သူကိုယ်တိုင် ကြား လိုက်တဲ့ အကြောင်း ပြောပါတယ်။

မစ္စတာ ထရမ့် က အမေရိကန် ပြည်ဝင်ခွင့် မူဝါဒ အစည်းအဝေး မှာ အာဖရိက နိုင်ငံ တွေ ကို သာ ရည်ရွယ်ပြောတာ မဟုတ်ပဲ အယ်လ်ဆာဗားဒိုး၊ ဟေတီ နဲ့ ဟွန်ဒူးရပ်စ် နိုင်ငံတွေ ကိုပါ ပြောသွားတဲ့ အတွက် အဆိုပါ ရိုင်းပျ တဲ့ စကားလုံး ကို အခုလို ကမ္ဘာ့ ထိပ်သီး ခေါင်းဆောင် တဦး ပါးစပ် က ထွက်လာ လို့ အံ့သြ ထိတ်လန့်မိတဲ့ အကြောင်း၊ လူမျိုး အသားအရောင် ခွဲခြားမှု ကို အားပေးရာ ရောက်စေတဲ့ အတွက်လည်း အန္တရာယ်ကြီး နိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ ပြောခွင့်ရ အရာရှိ ရူးပတ် ကိုဗီးလ် ကလည်း ဝေဖန် လိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ