အင်းဒင်လူသတ်မှု သံသယရှိသူ ကျောင်းဆရာကို ရုံးထုတ်

ဓာတ်ပုံ မူပိုင် တပ်မတော်သတင်းမှန်ပြန်ကြားရေး
Image caption ဖမ်းဆီးခံရသူ သုံးဦးထဲမှာ နှစ်ဦးကို လွှတ်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ရွာ သင်္ချိုင်းမှာ အလောင်း ၁၀ လောင်း တူးဖော်တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မူလတန်းပြ ဆရာတဦးကို မောင်တောမြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ပါတယ်။

အင်းဒင်ကျေးရွာ သင်္ချိုင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အလောင်း ၁၀ လောင်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ သုံးဦးထဲမှာ နှစ်ဦးကို လွှတ်ပေးလိုက်ပါတယ်။

ဒီအထဲက ကျန်နေတဲ့ ဆရာ ဦးအေးထွန်းကို ဇန်နဝါရီ ၁၂ ရက်မှာ ပုဒ်မ ၃၀၂/ ၃၄ လူသတ်မှုနဲ့ ရဲက တရားစွဲ ရုံးတင်ခဲ့တာလို့ သူ့အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးခင်ဝင်းက ဘီဘီစီကို ပြောပါ တယ်။

တရားစွဲ တင်ပေမယ့် သက်သေတွေ မရောက်တဲ့ အတွက် အမှုကို မစစ်ဖြစ်ဘူး လို့ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်သတင်းမှန်ပြန်ကြားရေး
Image caption ကျောင်းဆရာ ဦးအေးထွန်းကို ဆက်လက် စစ်ဆေးမယ်

အဖေ အသတ်ခံရပြီးနောက် ဦးအေးထွန်းကို ရုံးတင် စစ်ဆေးတာဟာ တရားမျှတမှု မရှိဘူးလို့ ထင်မှတ်တဲ့အကြောင်း နောက်ထပ် ရှေ့နေတဦးဖြစ်တဲ့ ဦးအောင်ကျော်ညွန့်က သုံးသပ်ပါတယ်။

ဇန်နဝါရီ ၁၈ နဲ့ ၁၉ တရက်မှာတော့ ကျောင်းဆရာ ဦးအေးထွန်းကို ဆက်လက် ရုံးထုတ် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က အင်းဒင်ရွာမှာ ရခိုင်အမျိုးသား ဦးမောင်နီ အသတ်ခံရပြီးတဲ့နောက် ပေါ်ပေါက်ခဲ့တဲ့ လူသတ်မှု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption တပ်မတော်သားတွေ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ၊ ကျေးရွာသားတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ခေါ်စစ်

ဒီအမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ စစ်ဆေးရေး အဖွဲ့ဟာ အင်းဒင်ရွာထိ သွားရောက်ပြီး တပ်မတော်သားတွေ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ၊ ကျေးရွာသားတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

သတ်ဖြတ်ခံရသူ တွေဟာ ဆူပူမှုပါဝင်တဲ့ အကြမ်းဖက် သမားတွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ် စက်တင်ဘာလ ၁ ရက်က လက်ရ ဖမ်းဆီးမိပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားအချို့ အသတ်ခံရတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။