မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေး ဆက်သွယ်လို့ ကုလပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီအစီရင်ခံစာကို ကျွမ်းကျင်သူ အဖွဲ့တဖွဲ့က ရေးသားခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လစ်လျူရှုပြီး နိုင်ငံ အတော်များများကို ကုန်ပစ္စည်း တင်ပို့ခဲ့သလို မြန်မာ ဆီးရီးယား တို့နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ ကုလ သမဂ္ဂ အစီရင်ခံစာ တစောင်မှာ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာကို ကျွမ်းကျင်သူ အဖွဲ့တဖွဲ့က ရေးသားခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယားကနေ တရုတ်၊ ရုရှားနဲ့ မလေးရှား နိုင်ငံတွေဆီ ကုန်ပစ္စည်းတွေ တရားမဝင် တင်ပို့ခဲ့လို့ ဒေါ်လာ သန်း ၂၀၀ လောက် ဝင်ငွေ ရရှိခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

ဒီအစီရင်ခံစာ ရေးသားတဲ့ ကျွမ်းကျင်သူတွေက မြန်မာနဲ့ ဆီးရီးယား နိုင်ငံဟာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားက မြောက်ကိုရီးယားတို့ရဲ့ စစ်လက်နက်နဲ့ ဒုံးကျည် လက်နက်တွေ အဓိက တင်ပို့ရောင်းချတဲ့ KOMID ကိုရီးယား သတ္တု တူးဖော်ရေးနဲ့ ရောင်းဝယ်ရေး ကော်ပိုရေးရှင်းနဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာ-မြောက်ကိုရီးယားကြား ငွေကြေးစီးဆင်းနေတယ်လို့ အမေရိကန်ပြော

မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု မရှိလို့ ဦးသိန်းစိန် ပြောကြား

မြန်မာကုမ္ပဏီ သုံးခုနဲ့ စစ်တပ်အရာရှိ တယောက်ကို အမေရိကန် ပိတ်ဆို့ အရေးယူ

ကျွမ်းကျင်သူတွေရဲ့ အပြောအရ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ပဲ့ထိန်းစနစ်နဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးလက်နက်တွေ ပံ့ပိုးပေး နေတာနဲ့ ဆီးရီးယားကို ဓာတုလက်နက် တီထွင်နိုင်အောင် အကူအညီ ပေးနေတယ်ဆိုတဲ့ အထောက်အထား တွေ ရှိနေ တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ကတော့ မြန်မာနဲ့ မြောက်ကိုးရီးယား စစ်ရေးဆက်ဆံမှုတွေ ဘာမှ မရှိဘူးဆိုပြီး ငြင်းဆိုပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆီးရီးယားက ဓာတုလက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ကြီးကြပ်နေတဲ့ သုတေသနဌာန ကိုယ်စားပြုနေတဲ့ ကုမ္ပဏီတွေကို မြောက်ကိုရီးယားကနေ အကြိမ် ၄၀ ကျော် ကုန်ပစ္စည်းတွေ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယား ကတော့ အားကစားမှာ မြောက်ကိုရီးယား ကျွမ်းကျင်သူတွေ အကူအညီ ပေးနေတာကလွဲပြီး ကျန်တာ ဘာမှ မရှိဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် European Photopress Agency
Image caption မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ပဲထိန်းစနစ်နဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးလက်နက်တွေ ပံ့ပိုးပေးနေတယ်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို တင်သွင်းတဲ့ ဒီအစီရင်ခံစာထဲမှာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ တားမြစ်ထားတဲ့ ကုန်ပစ္စည်း အားလုံး နီးပါးလောက်ကို မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကနေ စက်တင်ဘာလ အတွင်း ဆက်ပြီး တင်ပို့ရောင်းချနေတယ်လို့ ပါရှိပါ တယ်။

နောက်ပြီး အမည်မဖော်ပြတဲ့ နိုင်ငံစုံ ကုမ္ပဏီကြီးတွေကနေ မြောက်ကိုရီးယားတို့ ရေနံထွက်ကုန်တွေ ရောင်းချပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စုံစမ်းနေတယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။

မြောက်ကိုရီးယား၊ တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ရုရှားနဲ့ ဗီယက်နမ် နိုင်ငံတွေဆီကို နည်းမျိုးစုံ လမ်းကြောင်းမျိုးစုံကနေ ကျောက်မီးသွေးတွေ တင်ပို့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား မှာရှိတဲ့ တရုတ်သံရုံးကတော့ နှစ်နိုင်ငံကြား သာမန် ကုန်သွယ် ဆက်ဆံမှုရှိပြီး အစားအသောက် အသီးအနှံနဲ့ အိမ်တွင်းသုံး ပစ္စည်းတွေ မြောက်ကိုရီးယားကို ရောင်းချ ပေးတာမျိုးပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Korean Central News Agency via AFP
Image caption ဆီးရီးယားကတော့ အားကစားမှာ မြောက်ကိုရီးယား ကျွမ်းကျင်သူတွေ အကူအညီ ပေးနေတာကလွဲပြီး ကျန်တာ ဘာမှ မရှိဘူး

ကုလသမဂ္ဂကနေ မြောက်ကိုရီးယား နိုင်ငံအပေါ် လောလောဆယ်နှစ်တွေ အတွင်း တရုတ်နဲ့ ကျောက်မီးသွေး ကုန်သွယ်မှု၊ သတ္တုရိုင်း တင်ပို့ ရောင်းချမှုတွေကို ပိတ်ပင်ထားခဲ့ပြီး နျူကလီးယား အစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီ တွေနဲ့ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရွှေ့ပြောင်း ရောင်းချခွင့် ပိတ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေထဲမှာတော့ မြောက်ကိုရီးယားနိုင်ငံကို ရေနံတင်သွင်းမှု ၉၀ ရာခိုင်နှုန်း အထိ လျှော့ချခဲ့ပြီး မြောက်ကိုရီးယားကနေ တခြားနိုင်ငံတွေကို စက်မှုနဲ့ လျှပ်စစ် ပစ္စည်းတွေ တင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့အတူ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းစနစ်နဲ့ ပစ်ခတ်တဲ့ ဒုံးလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားခဲ့ပါတယ်။