စာရာမေတိတောင်လေ့လာဆန်းစစ်မှု ဆက်လုပ်မယ်

ဓာတ်ပုံ မူပိုင် Sara Sunshi
Image caption နာဂဒေသကနေတွေ့ရတဲ့ စာရာမေတိတောင်မြင်ကွင်း

စာရာမေတိတောင်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်မယ့် စစ်ကိုင်းတိုင်းအစိုးရရဲ့ အစီအစဉ်အပေါ် ဒေသခံနာဂလူမျိုးတွေက ကန့်ကွက်နေကြပါတယ်။

ဒီလိုကန့်ကွက်နေကြတာကို နာဂဦးစီးအဖွဲ့ဦးဆောင်ပါဝင်တဲ့ တိုင်းအစိုးရကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေအကြား ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်တို့မှာ လေရှီးမြို့နယ် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးသွားပေမယ့် သူတို့တွေ တောင်းဆိုကြတဲ့အတိုင်း ဖြစ်မလာဘဲ အစိုးရအဖွဲ့က လေ့လာဆန်းစစ်မှုတွေ ဆက်လုပ်မယ်လို့ ပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ လေရှီးမြို့နယ်မှာရှိတဲ့ နာဂလူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ စာရာမေတိတောင်နဲ့ ပတ်ဝန်းကျင်ဒေသကို ခရီသွားလုပ်ငန်းတွေ ဆွဲဆောင်စေဖို့ ရည်ရွယ်ပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖို့ စစ်ကိုင်းတိုင်းအစိုးရက စီစဉ်နေတာပါ။

တိုင်းအစိုးရရဲ့အစီအစဉ်က နာဂလူမျိုးတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဉ်လာတွေကို မသိရှိတဲ့အပြင် ရိုးရာဓလေ့အတိုင်း လိုက်နာမှုမရှိဘဲ လုပ်ဆောင်ပါက နာဂလူမျိုးတွေရဲ့ အမွေအနှစ်တွေ ပျောက်ကွယ် သွားမှာစိုးရိမ်လို့ ကန့်ကွက်ရတာဖြစ်ကြောင်းနဲ့ တိုင်းအစိုးရရဲ့ အစီအစဉ်မှာလည်း လုံးဝပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ နာဂလူငယ် မဆန်းစစ်ရှီက ပြောပါတယ်။

စာရာမေတိတောင်ဟာ စစ်ကိုင်းတိုင်းဒေသအတွင်းမှာ ရေခဲတဲ့တောင်လို့ဆိုနိုင်တဲ့ အမြင့်ဆုံးတောင်ဖြစ်ပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ပါက တောင်ဧရိယာဝန်းကျင်က အနည်းဆုံး မြေဧက ၅ သောင်း ၅ ထောင်ကျော်ဟာ ဥယျာဉ်နယ်မြေအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ပြောဆို ထားပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ နာဂဦးစီးအဖွဲ့ဝင် လေးရှီးမြို့ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်းက တိုင်းအစိုးရရဲ့ အစီအစဉ်အရ စာရာမေတိတောင်ကို လေ့လာ ဆန်းစစ်မှုတွေ ဆက်လုပ်ဆောင်မှာဖြစ်ပေမယ့် ဒေသခံတွေရဲ့ဆန္ဒအတိုင်းသာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။