မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု သံသယရှိသူတွေကို ဖမ်းဆီး

Image caption မြောက်ဦးမြို့ ပဋိပက္ခတွေ ဖြစ်ပွားအပြီး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံခဲ့ရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ သံသယ ရှိသူတွေကို သက်ဆိုင်ရာက လိုက်လံ ဖမ်းဆီးနေရာမှာ အခု ရက်ပိုင်းအတွင်း မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာက ၅ ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးထားပြီး ရွာသား တစ်ချို့ ထွက်ပြေး တိမ်းရှောင် နေကြပါတယ်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း ဦးဘိုဘိုမင်းသိုက်ကို ဇန်နဝါရီ ၃၀ ရက်နေ့ ညနေက မြောက်ဦးကနေ စစ်တွေကို ကားနဲ့ ပို့ဆောင်စဉ် ပါဝင်သူ သုံးဦးကနေ သတ်ဖြတ်ခဲ့တာလို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီ သုံးယောက်ကိုတော့ ရဲက ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

ရဲထိန်းသိမ်း ထားတဲ့ကား မီးရှို့ခံရ

ဒီအမှုနဲ့ ဆက်စပ်ပြီး ရန်ကုန် မရမ်းကုန်းမြို့နယ် နဲ့ သံလျင်မှာ တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်၊ သူ့ဇနီး၊ သူ့သားနဲ့ ချွေးမတို့ ၄ ဦးကိုလည်း ရန်ကုန်တိုင်းရဲက ဖမ်းဆီးထားပါတယ်။

သူတို့တွေဟာ ရက္ခိုင့်တပ်မတော် AA အဖွဲ့ နဲ့ မူးယစ်ဆေးဝါး၊ လက်နက် မှောင်ခိုမှုတွေနဲ့ ဆက်စပ်နေသလို ဦးဘိုဘိုမင်းသိုက်ကို AA အဖွဲ့က သတ်ပစ်ခဲ့တာလို့ အစိုးရက ထုတ်ပြန် ကြေညာထားပါတယ်။