ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်အရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
သက်ဆိုင်သူအားလုံးက နိုင်ငံရေး စိတ်ဆန္ဒ၊ သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့မှ ဖြေရှင်းနိုင်မယ်
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်အရေးကို ဆွေးနွေးမယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေစဉ် မစ္စတာ ဂျွန်ဆင်က ပြောကြားခဲ့တာ ဖြစ်ပြီး သူဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။
ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ ဒုက္ခတွေဟာ အခုကာလမှာ တုန်လှုပ် စရာ အကောင်းဆုံး လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခဖြစ်သလို ဒါကို သက်ဆိုင်သူအားလုံးက နိုင်ငံရေး စိတ်ဆန္ဒ၊ သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့မှ ဖြေရှင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို မထွက်ခွာခင် ပြောကြားခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအကြပ်အတည်း ဖြေရှင်းနိုင်ရေး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားဒေသတွင်း ခေါင်းဆောင်တွေနဲ့ ပြောဆို ဆွေးနွေးမယ်လို့ မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မစ္စတာ ဂျွန်ဆင်ဟာ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီနောက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေကို မစ္စတာ ဂျွန်ဆင်ဟာ သွားရောက်ပြီး ပြည်နယ် အစိုးရနဲ့ တွေ့ဆုံဖို့ရှိသလို စစ်တွေအနီးတဝိုက်က ဒုက္ခသည်စခန်းတွေကို သွားဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်အရေး ဘာတွေလုပ်ဖို့ လိုသလဲဆိုတာ မျှဝေသုံးသပ်ခဲ့သလို ဒီအချက်တွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့လိုမယ်
မစ္စတာ ဂျွန်ဆင်ဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေ အနေကို မစ္စတာ ဂျွန်ဆင်ဟာ စုံစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ပထမ သွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂နိုင်ငံ နယ်စပ်က ဘင်္ဂလားဒေ့ရှ်ဖက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီစခန်းတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇ သိန်းနီးပါး နေထိုင်နေကြတာ ဖြစ်ပါတယ်။
မစ္စတာဂျွန်ဆင်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ နိုင်ငံခြားရေး ဝန်ကြီး အဘူယာဆန် မာမက် အလီတို့နဲ့ တွေ့ဆုံပြီး ဒုက္ခသည်အရေး ဗြိတိန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ဘယ်လို အတူတကွ ပူးပေါင်း ဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ကြီးမားတဲ့ စာနာစိတ်၊ ကြင်နာစိတ်တွေနဲ့ ဒုက္ခသည် ကိစ္စကို ကိုင်တွယ်ခဲ့သလို ဒီကိစ္စမျိုးဟာ ဘယ်အစိုးရအတွက်ပဲ ဖြစ်ဖြစ် ခက်ခဲတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ မစ္စတာ ဂျွန်ဆင်က ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဒုက္ခသည်အကြပ်အတည်းကို ဖြေရှင်းဖို့လိုသလို ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာ ရှိရှိ နေရပ်ရင်းကို လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ပြန်သွားတာကို မြင်ချင်တယ်
ဒုက္ခသည်အကြပ်အတည်းကို ဖြေရှင်းဖို့လိုသလို ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာ ရှိရှိ နေရပ်ရင်းကို လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ပြန်သွားတာကို မြင်ချင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်အရေး ဘာတွေလုပ်ဖို့ လိုသလဲဆိုတာ မျှဝေသုံးသပ်ခဲ့သလို ဒီအချက်တွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့လိုမယ်လို့လည်း မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။
မြန်မာနိုင်ငံခရီးစဉ်ပြီးရင် ထိုင်းနိုင်ငံကို သွားရောက်ပြီး ရခိုင်ပြည်နယ်အရေး အကြံပေး ကော်မရှင်ရဲ့ အကြံပေး အဖွဲ့ ဥက္ကဋ္ဌ ဆူယာကီယတ် ဆာသီယာထိုင်းနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။