ရောနှောဆီ အရေးယူဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် Mdy Oil
Image caption ပြည်တွင်းဆီစက်လုပ်ငန်းခွင်တခုကိုတွေ့ရပုံ (ဓာတ်ပုံ - ဆီစက်လုပ်ငန်းရှင်များအသင်း)

ဈေးကွက်ထဲ ရောင်းချနေတဲ့ မြေပဲဆီတွေထဲ ရောနှောဆီ (စားသုံးဆီ) တွေ ထည့်ရောင်းချနေတာတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ မန္တလေးတိုင်း ဆီစက် လုပ်ငန်းရှင်များအသင်းက အစိုးရဆီ တိုက်တွန်းစာ ရေးသား တင်ပြထားပါတယ်။

မြန်မာ တနိုင်ငံလုံးမှာ ဆီစက်အလုံးရေ ၃၀၀၀ ရှိတဲ့အထဲက ဆီစက် ၁၀ ရာနှုန်းလောက်သာ ထုတ်လုပ် လည်ပတ်နေပြီး စားသုံးဖို့အတွက် လိုအပ်နေတဲ့ ဆီတွေကိုတော့ ပြည်ပကနေ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ရောနှောပြီး ရောင်းချနေကြတာ ဖြစ်တယ်လို့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စစ်ဆေးမှုတွေ ရှိနေပေမယ့် ဈေးကွက်ထဲမှာ ရောနှောဆီတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်အသင်းရဲ့ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ဒီလို စားသုံးဆီတွေထဲ ရောနှောဆီတွေ ထည့်သွင်း ရောင်းချရာမှာ ပြည်ပကတင်သွင်းလာတဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ဆီတွေကိုလည်း တင်သွင်း ရောင်းချမှုတွေ ရှိနေလို့ အစိုးရက ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းစာ ရေးသားပေးပို့ရတာ ဖြစ်တယ်လို့ ဆီစက်လုပ်ငန်းရှင်တွေကပြောပါတယ်။

ဒါ့အပြင် ဈေးကွက်ထဲ ရောင်းချနေတဲ့ ရောနှောဆီတွေနဲ့ပတ်သက်လို့ အစိုးရဘက်က ထိထိရောက်ရောက် အရေးယူနိုင်မှုမရှိတာက လက်ရှိအသုံးပြုနေတဲ့ ဥပဒေတွေက ပြစ်ဒဏ်အရ အားနည်းလွန်းတဲ့အတွက် ထိန်းချုပ်ဖို့ ခက်ခဲနေတာ ဖြစ်တယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုပါတယ်။

အဲဒါတွေကြောင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ နည်းဥပဒေ အမြန်ဆုံးထွက်ရှိဖို့ကိုလည်း မန္တလေးတိုင်း ဆီစက်လုပ်ငန်းရှင်တွေက တောင်းဆိုထားကြပါတယ်။

ဒါ့အပြင် မြေပဲဆီ၊ နှမ်းဆီစတဲ့ ကြိတ်ဆီတွေရဲ့ ဈေးနှုန်းကလည်း ကြီးမြင့်နေတဲ့အတွက် အစိုးရဆီတင်ပြထားတဲ့ ပေးစာမှာ ပြည်တွင်းဖြစ် ကြိတ်ဆီ တွေကိုလည်း ဈေးနှုန်းအသင့်အတင့်နဲ့ ရောင်းချနိုင်မယ့် နည်းလမ်းတွေကိုလည်း ထည့်သွင်းအကြံပြု ထားတယ်လို့ ဆီစက်ကုန်သည်တွေက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ