ပြန်ပို့မယ့်လူစာရင်း မြန်မာကို ဘင်္ဂလားဒေ့ရှ်ပေး

ဓာတ်ပုံ မူပိုင် BBC BENGALI
Image caption မိသားစု ပေါင်း ၁၆၇၃ စုက လူ ၈ဝဝဝ ကျော် စာရင်းကို မြန်မာဘက်ကို ပေးအပ်ခဲ့ရာမှာ မြန်မာဘက်က ဒီစာရင်းကို ပြန်စိစစ်ပြီး ဘယ်လို ပြန်လက်ခံမလဲဆိုတာ ဆုံးဖြတ် မယ်

ပြီးခဲ့တဲ့ ဩဂုတ်လ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၇ သိန်းလောက် အနက် ပြန်ပို့မယ့် လူ ၈၀၀၀ ကျော်ရဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက်ကို ပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခဲ့တဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီး အဆင့် ဆွေးနွေးပွဲအပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khanက သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်က ပြေးလာသူတွေအနက် သူတို့ ပြင်ဆင်ပြုစုထားတဲ့ မိသားစု ပေါင်း ၁၆၇၃ စုက လူ ၈ဝဝဝ ကျော် စာရင်းကို မြန်မာဘက်ကို ပေးအပ်ခဲ့ရာမှာ မြန်မာဘက်က ဒီစာရင်းကို ပြန်စိစစ်ပြီး ဘယ်လို ပြန်လက်ခံမလဲ ဆိုတာ ဆုံးဖြတ် မယ်လို့ မစ္စတာ Khanက ပြောပါတယ်။

ဘယ်နေ့ဘယ်ရက် ပြန်ပို့မယ်ဆိုတာနဲ့ ဘယ်လို ပြန်ပို့မယ်ဆိုတဲ့ အသေးစိတ်ကို သူက ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာတွေ ပြန်ခေါ်ရေး သဘောတူ

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ဘင်္ဂလားဒေ့ရှ်က ပြန်လာမှ သတင်း ထုတ်ပြန်မယ်လို့ မြန်မာအစိုးရဘက်က ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်အကြား No Man Land လို့ခေါ်တဲ့ ကြား နေရာမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ဝဝဝ လောက်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်က ဆွေးနွေးခဲ့ရာမှာ ဒီလူတွေဟာ မြန်မာနိုင်ငံဘက် အခြမ်းမှာပဲ ရှိနေသေးတဲ့အတွက် မြန်မာဖက်က ပြန်လက်ခံသင့်တယ် ဆိုတာ တင်ပြခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီး မစ္စတာ Khanက ပြောပါတယ်။

ဒါကို မြန်မာဘက်က သဘောတူခဲ့ပြီး လုပ်ငန်းစဉ် စတင်ဖို့ အစည်းအဝေး လုပ်လိုတယ်လို့ ပြောခဲ့တဲ့အကြောင်းလည်း သူက ဆိုပါတယ်။

Image caption ဘယ်နေ့ဘယ်ရက်ပြန်ပို့မယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိ

ဒါကြောင့် ဒီအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီ ၂ဝ ရက် မြန်မာနိုင်ငံဖက်မှာ လုပ်မှာ ဖြစ်တယ်လို့လည်း မစ္စတာ Khanက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ဒုက္ခသည် ပြန်လက်ခံရေး သဘောတူညီချက် အရ ပြန်လက်ခံရေး သဘောတူညီချက်ကို ဇန်နဝါရီ ၂၃ ရက်က စခဲ့ပေမယ့် ပြန်လည် ဝင်ရောက်လာသူ မရှိသေးဘဲ ဖြစ်နေပါတယ်။