မန္တလေးကျုံးဘေးလက်ရန်းတွေကို ကြေးလက်ရန်းတွေနဲ့ အစားထိုးမယ်

ဓာတ်ပုံ မူပိုင် Chan Tha Facebook
Image caption မန္တလေးကျုံးဘေးလက်ရန်းတွေကို ကြေးလက်ရန်းတွေနဲ့ အစားထိုးမယ်

မန္တလေးကျုံးဘေးမှာရှိတဲ့ လက်ရန်းတွေကို ခေတ်မှီကြေးလက်ရန်းတွေနဲ့ အစားထိုးတော့မှာဖြစ်သလို ကျုံးဘေး လူသွားစင်္ကြန်တွေကိုလည်း မန်းမြို့တော် စည်ပင်သာယာရေးအဖွဲ့က အသစ်ပြုပြင် မွမ်းမံပြင်ဆင်နေပါတယ်။

လက်ရန်းတွေကို ၁၉၉၄ ခုနှစ်က အသစ်မွမ်းမံခဲ့တာဖြစ်ပြီး မန္တလေးကျုံးကြီးမှာ ကြွက်တွင်းတွေဖြစ်လို့ ပျက်စီးနေသလို သံပန်းလက်ရန်းတွေလည်း ဟောင်းလွန်းနေလို့ မန္တလေး မြို့တော်စည်ပင်က အသစ်ပြင်ဖို့ စလုပ်နေတာ ဖြစ်ပါတယ်။

ကျုံးပတ်လည်ပြုပြင်ဖို့ လျာထားငွေသီးသန့်ရှိပြီး မန္တလေးမြို့တော်ဝန်ကိုယ်တိုင် ကြီးကြပ်လို့ အကုန်အကျ အနည်းဆုံးနဲ့ အယိုအဖိတ်မရှိအောင် တည်ဆောက်မှာဖြစ်ကြောင်းနဲ့ နန်းမြို့ရိုး၊ ကျုံးစတဲ့ ရှေးဟောင်း အမွေအနှစ် မပျက်စီးမယ့် ဒီဇိုင်းအပြင်အဆင် အရောင်ကိုရွေးချယ်ပြီး နှစ်ရှည်ခိုင်ခံအောင် ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ရင်မြင့်က ပြောပါတယ်။

ဒါ့အပြင် နန်းမြို့ရိုးနဲ့ ကျုံးရေပြင်ကြားကမြေပြင်မှာ မန်းသီတာဥယျာဉ် ပြန်လည်ဖေါ်ထုတ်ဖို့ လျာထားငွေ ကျပ်သိန်း ၄ ထောင်ရှိထားရာမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မန်းသီတာဥယျာဉ်ကို သူတို့ရဲ့ ဘတ်ဂျက်ထဲကပဲ ပြုပြင်မယ်လို့တာဝန်ယူထားလို့ အဲဒီလျာထားငွေတွေကို ကျုံးအပြင်ပတ်လည် ပြုပြင်ရေး စီမံကိန်းအတွက် အသုံးပြုသွားမယ်လို့ ဦးကျော်ရင်မြင့်က ဆိုပါတယ်။

မန္တလေးမြို့ခံ အမျိုးသားစာပေဆုရှင် စာရေးဆရာဆူးငှက်ကတော့ အစိုးရတခါတက်တိုင်း တခါပြုပြင်တာမျိုး မဖြစ်စေချင်ကြောင်းနဲ့ အရင်အစိုးရ လက်ထက်တွေက ပြုပြင်ခဲ့တဲ့ပုံ ခနော်ခနဲ့ပြင်ဆင်မှုမျိုး မဖြစ်စေချင်ဘဲ ပြည်သူ့ဘဏ္ဍာနဲ့ ပြုပြင်တာဖြစ်တာကြောင့် ခိုင်ခံလိုက်ဖက်ပြီး ရေရှည်အတွက် ဝန်မပိတဲ့ပုံစံ ဖြစ်စေချင်တယ်လို့ ပြောဆိုပါတယ်။

မန္တလေးမြို့အတွက် မလုပ်မဖြစ်လုပ်ရမယ့် လုပ်ငန်းတွေရှိနေလျှက်နဲ့ ကျုံးကိုပဲ ပြင်ဆင်နေတာ မဖြစ်သင့်ဘူးဆိုပြီး မန္တလေးမြို့သူမြို့သားတွေအကြား ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ