ပူတာအိုမှာ ကုန်ဈေးနှုန်းတက်လို့ ဒေသခံတွေအခက်ကြုံ

Image caption မြစ်ကြီးနားမြို့က မနောကွင်း

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် မြောက်ပိုင်းလမ်းပိုင်းတချို့ပျက်စီးနေလို့ ပူတာအိုဒေသမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းပိုင်းမှာရှိတဲ့ စီနင်ခချောင်းကူး၊ ဇနန်သံဘောင် ဘေလီတံတားကို ဇန်နဝါရီလ ၂၈ ရက်နေ့က အစိုးရစစ်တပ်နဲ့ KIA တပ်အကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ပျက်စီးခဲ့တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း အစိုးရစစ်တပ်က အဲဒီလမ်းပိုင်းကို လုံခြုံရေးတင်းကြပ်မှုတွေလုပ်နေပြီး အသွားအလာကိုလည်း ကန့်သတ်ပိတ်ပင်တာတွေလုပ်နေတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်ဆိုင်းပြီး ဈေးအဆမတန် မြင့်လာတဲ့တယ်လို့ ပူတာအိုဒေသခံတဦးဖြစ်တဲ့ ကိုဂျိုး ကပြောပါတယ်။

ပူတာအိုမှာ ဓါတ်ဆီတစ်ဂါလံကို အရင်က ကျပ် ၄၀၀၀ ၊ ၄၅၀ဝ ကနေ ကျပ် ၁၈၀ဝ၀ အထိရှိလာပြီး၊ ဆားနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းကလည်း ပုံမှန်ထက် ၃ ဆ နီးပါး မြင့်တက်လာတယ်လို့ ပူတာအိုဒေသခံတွေက ဆိုပါတယ်။ ဆန်ဈေးကတော့ ဒေသခံထွက်စပါးရှိနေသေးလို့ နို့ဆီဗူး ၄ လုံးကို ကျပ် ၁၀ဝ၀ ပေးပြီး ဝယ်စားလို့ရနေသေးတယ်လို့ သူတို့တွေကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုလမ်းပိုင်းဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာမရှိပေမယ့် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်နဲ့ ပူတာအို ကားလမ်းပိုင်း အစိုးရစစ်တပ်က စစ်ဆေးမှုတွေတင်းကြပ်နေလို့ လေကြောင်းလိုင်းတခုနဲ့သာ ဆက်သွယ်သွားလာနေရတယ်လို့ ကိုဂျိုးက ပြောပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်ခေါင်စာရင်းအရ ပူတာအိုခရိုင်မှာ လူဦးရေ ၈ သောင်းကနေ ၁ သိန်းနီးပါး နေထိုင်တယ်လို့ သိရပါတယ်။

ပူတာအိုဒေသကို ဆက်သွယ်သွားလာရေးကောင်းအောင် ဆောင်ရွက်ပေးဖို့ ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးတင်ပြတာတွေရှိပေမဲ့ အခုလို အစိုးရစစ်တပ်က လမ်းပိုင်းကို ကန့်သတ်ပိတ်ပင်လို့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ ဆွေးနွေတာတွေ မရှိသေးဘူးလို့ ပူတာအိုမြို့နယ်ရဲ့ အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီက ပြောပါတယ်။

ပူတာအိုဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် ပူတာအိုဒေသခံတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်က နှစ်ဖက်တပ်တွေကို ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ပူတာအိုဒေသဟာ ဝေးလံခေါင်ဖျားပြီး ဝင်ငွေရလမ်းနည်းပါးတဲ့ဒေသဖြစ်လို့ အခုလို ကုန်ဈေးနှုန်းတွေ ဆက်မြင့်တက်နေမယ်ဆိုရင် ဒေသခံတွေအတွက် စိုးရိမ်စရာတွေဖြစ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ