လူ့အခွင့်အရေး လှုပ်ရှားသူ ကိုခိုင်မျိုးထွန်း လွတ်မြောက်

ဓာတ်ပုံ မူပိုင် Fortify Rights
Image caption လူ့အခွင့်အရေး လှုပ်ရှားသူ ကိုခိုင်မျိုးထွန်း လွတ်မြောက်

ရခိုင်လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ကိုခိုင်မျိုးထွန်းဟာ ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ စစ်တွေထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာပါတယ်။

ကိုခိုင်မျိုးထွန်းကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅(ခ) နဲ့ ၅၀၅(ဂ) တို့နဲ့အာဏာပိုင်ဘက်က တရားစွဲဆိုခဲ့ပြီး တပေါင်းထဲ ကျခံစေတဲ့အတွက် ထောင်ထဲမှာ တနှစ်နဲ့ ခြောက်လ နေထိုင်ခဲ့ရတယ်လို့ကိုခိုင်မျိုးထွန်း ရဲ့ ရှေ့နေ ဦးကျော်သိန်းက ဘီဘီစီကို ပြောပါတယ်။

သူဟာ ရခိုင်ပြည်လွတ်မြောက်ရေး ဗဟိုကော်မတီဝင် တယောက်ဖြစ်ပြီး စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနရဲ့ ဒုဥက္ကဌ လည်းဖြစ်ပါတယ်။

ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ရခိုင်တပ်မတော် (AA) နဲ့ တိုက်ပွဲ ဖြစ်ပွားစဉ်က အစိုးရတပ်ဟာ အရပ်သားတွေကို ပေါ်တာဆွဲတာ အပြင် တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ ၂၀၁၆ခုနှစ်မှာ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို သတင်းထုတ်ပြန်အပြီးမှာတော့ ကိုခိုင်မျိုးထွန်းကို အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ဖြစ်တဲ့အတွက် ဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို မပေးသင့်ဘူးလို့ ရှေ့နေ ဦးကျော်သိန်းက ပြောပါတယ်။

ဇူလိုင်လ ၂၀၁၆ခုနှစ်ကတည်းက အဖမ်းခံရပြီး ထောင်ထဲမှာ ၁၈လကြာ နေထိုင်ခဲ့ရတဲ့ ကိုခိုင်မျိုးထွန်းကို သူ့မိသားစု အပါအဝင် သူ့ကို ချစ်ခင်လေးစားသူတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ လာရောက်ကြိုဆိုခဲ့ပါတယ်။

ဓာတ်ပုံ Fortify Rights

ဆက်စပ် အကြောင်းအရာများ