ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တွေအတွက် ဒေါ်လာ ၁၇ သန်း အမေရိကန် ထောက်ပံ့မယ်

ဓာတ်ပုံ မူပိုင် KAREN IDP SUPPORT COMITT
Image caption ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတခုအားတွေ့ရစဉ်

ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ မြန်မာဒုက္ခသည်တွေကို အမေရိကန်အစိုးရက ဒေါ်လာ ၁၇ သန်းကျော်ကို နယ်စပ်ဒေသကူညီပေးရေး ညွှန့်ပေါင်းအဖွဲ့(TBC) ကတဆင့် ဆက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ မြန်မာအစိုးရတို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်မှာ တိုက်ပွဲမရှိတော့ တာကြောင့် နယ်စပ်ဒေသက ဒုက္ခသည်တွေ အိမ်ပြန်နိုင်တဲ့ အနေအထားရှိနေပြီ ဖြစ်လို့ နိုင်ငံတကာအလှူရှင်တော်တော်များများက ဒုက္ခသည်တွေအတွက် ငွေကြေးအကူအညီတွေ လျော့ချခဲ့ကြပါတယ်။

လက်ရှိအခြေအနေမှာ ဒုက္ခသည်အများစုက အိမ်မပြန်နိုင်သေးတာကြောင့် အမေရိကန် အစိုးရက ဆက်ကူညီတာလို့ TBCရဲ့ ညွန်ကြားရေးမှူး Sally Thompsonက ဘီဘီစီကို ပြောပါတယ်။

၂၀၁၇-၂၀၁၈ နှစ်အတွက် ထိုင်းနိုင်ငံမှာနေတဲ့ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရရဲ့ လှူဒါန်းငွေ ဒေါ်လာ ၁၇.၆ သန်းကို ဒုက္ခသည် စခန်း ၉ ခုအတွက် အသုံးပြုမယ်လို့ သူက ပြောပါတယ်။

အရင်တပတ် TBC ရဲ့ကိုယ်စားလှယ်တချို့ အမေရိကန် ဝါရှင်တန်ကို သွားရောက်ပြီး အမေရိကန်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Patrick Murphyနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှုကိုလည်း မစ္စတာ Murphyက သူ့ရဲ့ လူမှုရေး ကွန်ရက် တွစ်တာမှာ အတည်ပြု ရေးသားထားပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလဖြစ်ပေမဲ့ ကရင်ပြည်နယ်က ဒုက္ခသည်တွေ နေထိုင်ခဲ့ဖူးတဲ့ရွာတွေမှာ အစိုးရတပ်ဖွဲ့တွေက တပ်စွဲထားတဲ့အတွက် အများစုက အိမ်မပြန်နိုင်သေးတဲ့အခြေအနေကို အမေရိကန် အစိုးရအရာရှိတွေက လက်ခံ သဘောပေါက်တယ်လို့ မစ္စ Sally Thompson က ပြောပါတယ်။

Image caption ထိုင်းမြန်မာနယ်စပ်က မယ်လ ဒုက္ခသည်စခန်း

အမေရိကန်ထောက်ပံ့တဲ့ငွေကြေးအကူအညီဟာ အစိုးရသစ်ရဲ့ မူဝါဒမဟုတ်ဘဲ အရင်က သဘောတူထားတဲ့ အထောက်အပံ့လို့လည်း သူက ဆိုပါတယ်။

အမေရိကန်အစိုးရက နယ်စပ်က ဒုက္ခသည်စခန်းတွေအတွက် အစားအစာ နေထိုင်ဖို့ အဆောက်အအုံနဲ့ တခြားဒုက္ခသည်စခန်းရဲ့ စီမံခန့်ခွဲရေးကိစ္စရပ်တွေကိုလည်း ထောက်ပံ့ပါတယ်။

ကေအန်ယူနဲ့ မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက် ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည် တသိန်းကျော်ထဲက တသောင်း ရှစ်ထောင် ကျော်လောက်ပဲ မြန်မာပြည်ကို ပြန်အခြေချ နေထိုင်ခဲ့တာကြောင့် ၉သောင်း ၂ထောင် ကျော်လောက် ဒုက္ခသည်စခန်းထဲမှာပဲရှိနေသေးတယ်လို့ TBCရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို သူတို့နိုင်ငံမှာ အခြေချ နေထိုင်ဖို့ အများဆုံး လက်ခံတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ်က စပြီး ဒုက္ခသည်တွေ အစုလိုက် အခြေချနေထိုင်တဲ့ အစီအစဉ်ကို ပိတ်ထားပါတယ်။