အမေရိကန် သွင်းကုန်တွေကို တရုတ်က အခွန်သစ် ကောက်မယ်

အမေရိကန်၊ တရုတ်၊ အခွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကြောင့် တရုတ်ဘက်က တုံ့ပြန်မှုတွေ လုပ်လာမယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထား

အမေရိကန်ကနေ တရုတ်ပြည်ထဲ တင်ပို့ နေတဲ့ ပဲပိစပ်နဲ့ လိမ္မော် အချိုရည်လိုမျိုး စားသောက်ကုန်တွေ ၊ မော်တော်ယာဉ်တွေ အပါအဝင် သွင်းကုန် ပစ္စည်း အမျိုးအစားပေါင်း ၁ဝ၆ မျိုး အပေါ် အခွန် ၂၅ % ထိ ကောက်မယ်လို့ တရုတ် အစိုးရက ကြေညာလိုက်ပါတယ်။

အမေရိကန်နိုင်ငံထဲ တရုတ်က တင်သွင်းတဲ့ ကုန်ပစ္စည်း ၁၃မျိုးကို အလားတူ အခွန်ကောက်ဖို့ သမ္မတ ထရမ့် အစိုးရက ထုတ်ပြန် ကြေညာခဲ့အပြီးမှာ တရုတ်အစိုးရက အခုလို တုံ့ပြန် ဆောင်ရွက်လိုက်တာပါ။

Intellectual property ဉာဏ ပစ္စည်းလို့ ခေါ်တဲ့ မူပိုင်ခွင့် အပေါ် လေးစားရမယ့် ကျင့်ဝတ်ကို တရုတ်က မလိုက်နာတာကြောင့် တရုတ်ကုန်ပစ္စည်းတွေ အပေါ် အခွန် တိုးကောက် ရတာ ဖြစ်တယ် ဆိုပြီး အိမ်ဖြူတော်ဘက်က အကြောင်းပြထားပါတယ်။

တရုတ် ကုန်ပစ္စည်းတွေ အမေရိကန်ထဲ ဝင်ရောက်နေတာကို ကန့်သတ် ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ ကြိုးစားမှု အပေါ် တရုတ်ကလည်း လျင်လျင်မြန်မြန်ပဲ တုံ့ပြန် လာတဲ့နောက် ဥရောပ တလွှားက စျေးကွက်တွေမှာ စတော့ ရှယ်ယာ တန်ဖိုးတွေ ကျသွားပြီး အမေရိကန် နယူးယောက်မြို့က စတော့ခ် စျေးကွက်လည်း ဒေါင်းဂျုံးစ် ရည်ညွှန်းကိန်း အမှတ် ၅၅ဝ လျော့ပြီး စျေးကွက် ဖွင့်လာရဖွယ် ရှိပါတယ်။

တရုတ်ဘက်က ပစ်မှတ်ထားပြီး အခွန်တိုးကောက်မယ့် အမေရိကန် ကုန် ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ၂ဝ၁၇ တုန်းက ဆိုရင် ဒေါ်လာ ၅ဝ ဘီလီယံ အထိ တန်ဖိုးရှိတာ တွေ့ရပါတယ်။

သမ္မတ ထရမ့် အစိုးရ အနေနဲ့ တရုတ်ပို့ကုန်တွေကို ကန့်သတ်ဖို့ အရေးယူ ဆောင်ရွက်မယ်ဆိုရင် တရုတ် အစိုးရကလည်း ချက်ခြင်း လက်တုံ့ပြန်လိမ့်မယ်၊ အဲဒီအခါ အမေရိကန် ပြည်တွင်းက လူတွေအဖို့ ကုန်ပစ္စည်း စျေးနှုန်းတွေ ကြီးမြင့်တဲ့ဒဏ် ခံလာရလိမ့်မယ် ဆိုပြီး စီးပွားရေး ပညာရှင်တွေက စောစောစီးစီး ကတည်းက သတိပေးထားပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အခုလို အမေရိကန် တရုတ်ကြား ကုန်သွယ်ရေး စစ် ပြင်းထန်လာတဲ့ အတွက်၊ ကမ္ဘာ့ ကုန်သွယ်ရေး တခုလုံး မရေမရာ မသေမချာ အခြေအနေတွေနဲ့ ကြုံလာရတယ်လို့ လန်ဒန် အခြေစိုက် CMC စျေးကွက်တွေရဲ့ သုတေသီ David Madden က ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာန ပြောတာကတော့ သူတို့ အနေနဲ့ အခုလို အခြေအနေမျိုး မရောက် ချင်ပါဘူး၊ ကုန်သွယ်ရေးစစ်ပွဲမှာ နိုင်သူ ဆိုတာ ရှိမှာ မဟုတ်ဘူး၊ အခု ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO ထံ တိုင်ကြားမယ်လို့ ဆိုပါတယ်။

အမေရိကန် နည်းပညာတွေကို တရုတ်က ရယူပြီး ကုန်သွယ်ရေးမှာ အမြတ်ထုတ် နေတယ်လို့ အမေရိကန်ဘက်က ယူဆပြီး အခွန်တိုးတာတွေ စပြီး လုပ်လာခဲ့တာပါ။

တကယ့် လက်တွေ့မှာတော့ တရုတ်က သုတေသန အနေနဲ့ တီထွင်ဖန်တီးမှု အပိုင်းမှာ တရုတ်က ငွေကြေးတွေ ပိုမို သုံးစွဲနေပြီး အမေရိကန်ရဲ့ အရှေ့ကိုတောင် ရောက် နေတယ်လို့ အာရှ စီးပွားရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ခရစ်ရှမား ဗတ်စ်ဝါနီက ဆိုပါတယ်။

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အုပ်စုတွေကလည်း အခု ပြဿနာ ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံ အစိုးရကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းနေကြပါတယ်။