တရုတ်-အမေရိကန်ကြား ကုန်သွယ်ရေးစစ် ပိုပြင်းထန်လာ

စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံ ထိပ်တိုက်တွေ့
တရုတ်-အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုဟာ ပိုပြီး ပြင်းထန် လာပါတယ်။
တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် နှုန်း အသစ်တွေနဲ့ ကောက်ခံဖို့ အမေရိကန် စိုင်းပြင်း နေချိန်မှာပဲ ၊ တရုတ်ဘက်ကလည်း အခွန်တိုးမြှင့် သတ်မှတ်ချက်တွေ တန်ပြန် ချမှတ် နေတာပါ။
အမေရိကန်ကနေ တရုတ်ပြည်ထဲ တင်ပို့ နေတဲ့ ပဲပိစပ်နဲ့ လိမ္မော် အချိုရည်လိုမျိုး စားသောက်ကုန်တွေ နဲ့ မော်တော်ယာဉ်တွေ အပါအဝင် သွင်းကုန် ပစ္စည်း အမျိုးအစားပေါင်း ၁ဝ၆ မျိုး အပေါ် အခွန် ၂၅ % ထိ ကောက်မယ်လို့ တရုတ် အစိုးရက ကြေညာပါတယ်။
ဒါဟာ တီဗီနဲ့ မော်တော် ဆိုင်ကယ်တွေ အပါအဝင် တရုတ်ထုတ် ပစ္စည်း အမျိုးအစားပေါင်း ၁၃ဝဝ ဝန်းကျင် အထိ အခွန် ၂၅ % ချမှတ်မယ်လို့ အမေရိကန် အစိုးရက အသေးစိတ် ထုတ်ပြန် ခဲ့အပြီး နာရီ အနည်းငယ် အကြာမှာပဲ တရုတ်ဘက်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

ပြည်ပ ဖိအားတွေ ရှိလာလေလေ တရုတ်ပြည်သူတွေ ပိုပြီး အလုပ်ကြိုးစား လုပ်ကြလေ
Intellectual property ဉာဏ ပစ္စည်း မူပိုင်ခွင့် အပေါ် လေးစားရမယ့် ကျင့်ဝတ် အပေါ် တရုတ် အနေနဲ့ မလိုက်နာတာကြောင့် တရုတ်ကုန်ပစ္စည်းတွေ အပေါ် အခွန် တိုးကောက် ရတာ ဖြစ်တယ် ဆိုပြီး အိမ်ဖြူတော်ဘက်က အကြောင်းပြထားပါတယ်။
အခွန်နှုန်း တန်ပြန် တိုးမြှင့်ရတာနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ တရုတ် အာဏာပိုင်တွေ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘဏ္ဍာရေး ဒုဝန်ကြီး ဂျိုဂွမ်ယောင်း ပြောသွားတာက …
"ခေတ်သစ်တရုတ်ပြည် ထူထောင်ချိန်ကစပြီး သမိုင်းကို ကြည့်လိုက်ပါ။ ပြည်ပက ဖိအားပေးတာမျိုးကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး၊ ပြည်ပ ဖိအားတွေ ရှိလာလေလေ တရုတ်ပြည်သူတွေ ပိုပြီး အလုပ်ကြိုးစား လုပ်ကြလေပဲ" လို့ မစ္စတာဂျိုက ဆိုပါတယ်။
တရုတ်ဘက်က ပစ်မှတ်ထားပြီး အခွန်တိုးကောက်မယ့် အမေရိကန် ကုန် ပစ္စည်းတွေကိုကြည့်တဲ့အခါ ၂ဝ၁၇ တုန်းက ဆိုရင် ဒေါ်လာ ၅ဝ ဘီလီယံ အထိ တန်ဖိုးရှိခဲ့တာ တွေ့ရပါတယ်။

အမေရိကန် ပြည်တွင်းက သူတွေအဖို့ ကုန်ပစ္စည်းစျေးနှုန်းတွေ ကြီးမြင့်တဲ့ ဒဏ် ခံလာရလိမ့်မယ်
သမ္မတ ထရမ့် အစိုးရ အနေနဲ့ တရုတ်ပို့ကုန်တွေကို ကန့်သတ်ဖို့ အရေးယူ ဆောင်ရွက်မယ်ဆို၊ ဘေဂျင်း အစိုးရကလည်း ချက်ခြင်း လက်တုံ့ပြန်လိမ့်မယ်၊ အဲဒီအခါ အမေရိကန် ပြည်တွင်းက သူတွေအဖို့ ကုန်ပစ္စည်းစျေးနှုန်းတွေ ကြီးမြင့်တဲ့ ဒဏ် ခံလာရလိမ့်မယ် ဆိုပြီး စီးပွားရေး ပညာရှင်တွေက စောစောစီးစီးကတည်းက သတိပေးထားပါတယ်။
တရုတ်ကုန် ပစ္စည်းတွေ အမေရိကန်ထဲ ဝင်ရောက်နေတာကို ကန့်သတ် ထိန်းချုပ်ဖို့ ထရမ့်အစိုးရရဲ့ ကြိုးစားမှု အပေါ် တရုတ်ကလည်း လျှင်လျှင်မြန်မြန်ပဲ တုံ့ပြန် လာတဲ့နောက်၊ ဥရောပ တလွှားက စျေးကွက်တွေမှာ စတော့ ရှယ်ယာ တန်ဖိုးတွေ ကျသွားပြီး၊ အမေရိကန် နယူးယောက်မြို့က စတော့ စျေးကွက်လည်း ဒေါင်းဂျုံးစ် ရည်ညွှန်းကိန်း အမှတ် ၅၅ဝ လျော့ပြီး စျေးကွက် ဖွင့်လာရဖွယ် ရှိပါတယ်။
အခုလို အမေရိကန် တရုတ်ကြား ကုန်သွယ်ရေး စစ် ပြင်းထန်လာတဲ့ အတွက်၊ ကမ္ဘာ့ ကုန်သွယ်ရေး တခုလုံး မရေမရာ မသေမချာ အခြေအနေတွေနဲ့ ကြုံလာရတယ်လို့ လန်ဒန် အခြေစိုက် CMC စျေးကွက်တွေရဲ့ သုတေသီ David Madden က အခုလို ပြောပါတယ်။
အခုဆို တရုတ်ကလည်း အမေရိကန်နဲ့ ဆတူကို သွင်းကုန် တင်းကြပ်တာတွေ ပြုလုပ်လာတဲ့ အတွက် ၊ ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ် တကယ့်ကို ဖြစ်နေပြီလို့ ပြောနိုင်တယ်။ ဒီလိုသာ ဆိုရင် ကမ္ဘာတလွှားက စျေးကွက်တွေမှာလည်း ရှယ်ယာ တန်ဖိုးတွေ ဆက်လက် ကျဆင်း နေလိမ့်ဦးမယ်လို့ မစ္စတာ မက်ဒင်က သုံးသပ်ပါတယ်။

ရှယ်ယာ တန်ဖိုးတွေ ဆက်လက် ကျဆင်း နေမယ်
တရုတ်နိုင်ငံခြားရေး ဌာန ပြောတာကတော့ သူတို့ အနေနဲ့ အခုလို အခြေအနေမျိုး မရောက် ချင်ပါဘူး၊ ကုန်သွယ်ရေးစစ်မှာ နိုင်သူ ဆိုတာ ရှိမှာ မဟုတ်ဘူး၊ အခု ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO ထံ တိုင်ကြားမယ်လို့ ဆိုပါတယ်။
အမေရိကန် နည်းပညာတွေကို တရုတ်က ရယူပြီး ကုတ်သွယ်ရေးမှာ အမြတ်ထုတ် နေတယ်လို့အမေရိကန်ဘက်က ယူဆပြီး အခွန်တိုးတာတွေ စပြီး လုပ်လာခဲ့တာပါ။
တကယ့်လက်တွေ့မှာတော့ တရုတ်က သုတေသနေနဲ့ တီထွင်ဖန်တီးမှု အပိုင်းမှာ တရုတ်က ငွေကြေးတွေ ပိုမို သုံးစွဲနေပြီး အမေရိကန် အရှေ့ကိုတောင် ရောက် နေတယ်လို့ အာရှ စီးပွားရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ခရစ်ရှမား ဗတ်စ်ဝါနီက ဆိုပါတယ်။
အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အုပ်စုတွေကလည်း အခု ပြဿနာ ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံ အစိုးရကြား စကားပြောပွဲတွေ ပြုလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
အမေရိကန် သွင်းကုန်တွေကို တရုတ်အခွန်တိုးကောက်