ဘရာဇီး သမ္မတဟောင်း လူလာ အဖမ်းမခံပဲနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆော်ပေါလိုမြို့မှာ သမ္မတဟောင်းကို ထောက်ခံသူ ရာနဲ့ချီ ထွက်လာခဲ့

ဘရာဇီးသမ္မတဟောင်း က သူ့ကို လာတ်စားမှု နဲ့ တရားရုံးက ပစ်ဒဏ်ပေးထားတဲ့ ထောင်ဒဏ် ၁၂ နှစ်ကို ကျခံစေဖို့ ရဲဌာနမှာ သွားရောက်အဖမ်းခံရမယ့် နောက်ဆုံးအချိန် သတ်မှတ် ထားတာကို သူ မသွားပါဘူး။

သူ့ ကို ထောင်မချဖို့ အစောပိုင်းတုံးက ဆော်ပေါလိုမြို့က လမ်းမတွေ ပေါ် သူ့လူတွေ ထွက်လာ ကာ ဆန္ဒပြရင်း အားပေးခဲ့ပါတယ်။

သူဟာ ဆော်ပေါလိုမြို့နား က သူ့မွေးရပ်မြေ Sao Bernardo do Campo မြို့လေးက သူ့နိုင်ငံရေး ဘဝစတဲ့နေရာ သတ္တုလုပ်သားတွေရဲ့ သမဂ္ဂအဆောက်အအုံထဲမှာ ရှိနေပါတယ်။

ရာနဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေ ကလည်း အဲဒီ နေရာမှာ ဝန်းရံအားပေးလို့ပါ။

သူအယူခံတင်တာ ရှုံးအပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့တုံးက တရားသူကြီး ဆာဂီယို မိုရို က သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ မတိုင်ခင် ရဲစခန်းမှာ လာအဖမ်းခံရမယ်လို့ အမိန့်ထုတ်ထားတာပါ။

မစ္စတာ လူလာ ရဲ့ ရှေ့နေတယောက်ဖြစ်တဲ့ ကတော့ ဗက်လစကာ တက်ဇီရီယာ မာတင် က အဲဒီဆုံးဖြတ်ချက်ဟာ အကြွင်းမဲ့အာဏာရှင်ဆန်တယ်၊ တရားလည်းမဝင်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီဘူးလို့ ဆိုပါတယ်။

သမ္မဟောင်း လူလာ ကလည်း သူ့ကို စွဲတင်ထားတဲ့ အဂတိလိုက်စားတယ် ဆိုတဲ့ အမှုစွဲချက် ဟာ နိုင်ငံရေးအရ လုပ်ကြံကြတာသာဖြစ်ပြီး လာမယ့် အောက်တိုဘာမှာ လုပ်မယ့် သမ္မတရွေးကောက်ပွဲ ကို သူဝင်လို့မရအောင် လုပ်တာလို့ ဆိုပါတယ်။

သူ ဟာ ၂၀၀၃ ကနေ ၂၀၁၁ အထိ အာဏာ ကို သက်တမ်း ၂ ဆက် ရယူခဲ့တဲ့သူပါ။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ဘရာဇီးမှာ လက်ဝဲ အယူအဆ ရှိသူတယောက် အာဏာရခဲ့တာလည်းဖြစ်ပါတယ်။

သူ့လက်ထက်မှာ နိုင်ငံ စီးပွားရေး တက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး လူသန်းပေါင်းများစွာဟာ ဆင်းရဲတွင်းက တက်နိုင်ခဲ့ပါတယ်။

သူ ဟာ ၂၀၁၄ မှာတော့ အမေရိကန် ဒေါ်လာ တသန်းကျော်တန်တဲ့ တိုက်ခန်းတခု ကို လာတ်ယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

Operation Car Wash လို့ ခေါ်ကြတဲ့ လာတ်စားမှုအရှုပ်တော်ပုံမှာ နိုင်ငံရေး ခေါင်းဆောင်တွေ အများကြီး ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲကြပြီး အဲဒီမှာ သူလည်း ပါဝင်ခဲ့ကြောင်း စွပ်စွဲခံရတာပါ။