အမေရိကန်မှာရှိတဲ့ Starbucks ကော်ဖီဆိုင် ၈၀၀၀ ကျော် ပိတ်မယ်

လူမျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း တွေကို သင်ပေးဖို့ရှိတာကြောင့် အမေရိကန်မှာရှိတဲ့ Starbucks ကော်ဖီဆိုင် ၈၀၀၀ ကျော်ကို လာမယ့်လမှာ ပိတ်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက်နေ့ကနေ စပြီး ဆိုင်တွေကို ပိတ်ထားမှာ ဖြစ်သလို ဆိုင်ဝန်ထမ်း ၂ သိန်း နီးပါးကိုလည်း လူမျိုးရေး ခွဲခြားမှုတွေကနေ ကာကွယ်ဖို့ သင်တန်းတွေ ပေးမှာ လို့ ဆိုပါတယ်။

ဒီလိုပိတ်လိုက်တာကြောင့် ဝင်ငွေ ဒေါ်လာ သန်း ၂၀ နီးပါး ထိခိုက်မယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

အရင်တပတ်က Philadelphiaမှာရှိတဲ့ Starbucks ဆိုင်အနီးမှာ သူငယ်ချင်းတွေကို စောင့်နေတဲ့ လူမည်း ၂ ဦးကို ဖမ်းဖို့ ဆိုင်ဝန်ထမ်းတွေက ရဲကို တိုင်ကြားခဲ့တာ ကြောင့် Starbucks ကုမ္ပဏီဟာ လူမျိုးရေး ခွဲခြားတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။

တချို့က Starbucks ကုမ္ပဏီကို သပိတ်မှောက်ဖို့ အထိ တောင်းဆိုမှုတွေ ရှိခဲ့တာကြောင့် ကုမ္ပဏီက ဒီဖြစ်ရပ်အပေါ် တောင်းပန်ခဲ့ရ ပါတယ်။

Starbucks ဆိုင်ဝန်ထမ်းတွေကတော့ လူမည်း ၂ ဦး ဒီနေရာက ထွက်သွားဖို့ ငြင်းဆန်တယ်လို့ ပြောဆိုထားပါတယ်။

Starbucks ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Kevin Johnson ကတော အမှားတွေကနေ လေ့လာသင်ယူနေသလို ဒီအမှားတွေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Philadelphiaကို သွားခဲ့ပြီး အဖမ်းခံရတဲ့ လူမည်း ၂ ဦးကို တွေ့ဆုံခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ