ဒုရဲမှူး အမှု လူ့အခွင့်အရေး လိုက်နာဖို့ ကော်မရှင် တိုက်တွန်း

ဓာတ်ပုံ မူပိုင် AFP
Image caption သတင်းထောက်တွေကို လျှို့ဝှက် စာရွက်စာတမ်း ပေးမယ်ဆိုပြီး ထောင်ဖမ်းတာလို့ ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့

ရိုက်တာ သတင်းထောက် နှစ်ယောက် အဖမ်းခံရတာဟာ ထောင်ချောက်ဆင် ခံရတာလို့ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ဒုတိယ ရဲမှူး မိုးရန်နိုင်ကို မိသားစုနဲ့ တွေ့ခွင့် ပေးဖို့နဲ့ အခြေခံ လူ့အခွင့်အရေး ထိခိုက်မှု မရှိအောင် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေး ဝန်ကြီးဌာနကို စာရေးသား တိုက်တွန်းလိုက် ပါတယ်။

စစ်ဆေးနေဆဲ ကာလမှာ ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးဖို့ နှိပ်စက်ညှဉ်းပန်း မခံရဖို့နဲ့ ဥပဒေနဲ့ အညီ ခုခံ ချေပနိုင်ခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေးတွေ ပေးဖို့လည်း တောင်းဆို ပါတယ်။

ကော်မရှင်အနေနဲ့ ကတော့ တရားရုံး စစ်ဆေးနေစဉ် အဲဒီအမှုနဲ့ ပတ်သက်လို့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး လို့လည်း ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

ဒုတိယ ရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တွေ့ဆုံ အင်တာဗျူး ပေးခဲ့တဲ့အတွက် အဖမ်းခံ ခဲ့ရတာဖြစ်ပါတယ်။

သူ့ကို စစ်ဆေးနေတာဟာ ၄ လကျော် ကြာတဲ့အထိ မိသားစုနဲ့ တွေ့ခွင့် မရသေးဘူးလို့ ဒုရဲမှူး ရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ PCMJ ကတော့ ဒုရဲမှူး မိုးရန်နိုင် နဲ့ ရိုက်တာ သတင်းထောက် တွေကို ရုံးတင်စစ်ဆေး နေတဲ့ အမှုကို ကော်မရှင်က ဝင်ရောက် ညှိနှိုင်းပေးဖို့ လိုနေပြီလို့ ပြောပါတယ်။

အခုကိစ္စက ပြည်ထဲရေးက လိမ်လည် ထားတဲ့ အမှုဖြစ်တယ်လို့ PCMJ က ကိုသာလွန် ဇောင်းထက်က စွပ်စွဲပြောဆိုပြီး တရားရုံး ဆုံးဖြတ်ချက်ကို မစောင့်ဘဲ လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ဆောင်ရွက်လို့ ရတယ်လို့ ပြောပါတယ်။

နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ တရားစွဲ ခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေကို ထောက်ချောက်ဆင် ခံခဲ့ရ တာလို့ ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ချက်ပေး ခဲ့ပြီးနောက် သူ့မိသားစုတွေ ရဲလိုင်းခန်း ကနေ ဖယ်ပေးခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ ဖက်ကတော့ ဒုရဲမှူး မိုးရန်နိုင်ကို နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ကနေ ရန်ကုန်၊ ပျဉ်းမပင် အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းကို ရွှေ့ပြောင်းဖို့ လွန်ခဲ့တဲ့ ၉ လကတည်းက အမိန့်ထုတ်ထားပြီး ဖြစ်လို့ လွန်ခဲ့တဲ့ ၉ လကတည်းက မိသားစုကပါ ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောထား ပါတယ်။

ဒုတိယ ရဲမှုးမိုးရန်နိုင်ကို ရဲတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးဖြစ်ပေမဲ့ ပြစ်ဒဏ် ပေးတာတော့ မရှိသေးပါဘူး။

ဆက်စပ် အကြောင်းအရာများ