လက်အောက်အရာရှိနဲ့ပတ်သက်ပြီး သူရစန်းလွင်ကို အရေးယူ

Image caption ရခိုင်မှာ အကြမ်းဖက် တိုက်ခိုက်ခံရတုန်းက တာ၀န်ယူခဲ့ပေးတဲ့ ရဲမှူးချုပ် သူရစန်းလွင်

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်ကနေ အနားပေးလိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၇ခု ဩဂုတ်လ ၂၄ ရက်နေ့ညက ARSA အဖွဲ့က မောင်တော မြို့နယ်ထဲက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေ တိုက်ခိုက်ခံရတဲ့ အချိန်တုန်းက သူရစန်းလွင်က ရဲမှူးချုပ် အဖြစ် တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ နယ်ခြားစောင့် တပ်ဖွဲ့မှူး တာဝန်ယူထားတဲ့ ရဲမှူးချုပ်သူရစန်းလွင်ကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နေပြည်တော်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

အဲဒီလို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ မကြာသေးခင် ရက်ပိုင်းကပဲ ရဲမှူးချုပ် တာဝန်ယူခဲ့တဲ့ သူရစန်းလွင် ကို အရေးယူတဲ့အနေနဲ့ ရာထူးမှ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ရဲမှူးချုပ်သူရစန်းလွင်ကို တာဝန်ကနေ အနားပေးထားပြီးဖြစ်ကြောင်းနဲ့ သင်္ကြန်မတိုင်ခင်ကတည်းက သူ့ကို တာဝန်မှ အနားပေးထားတာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

Image caption ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ သင်တန်း တပတ်စဉ်ထဲ ဆင်း

သူ့လက်အောက်က ရဲအရာရှိ တယောက်နဲ့ ပတ်သက်လို့ ပျက်ကွက်မှု အပေါ် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး အခုလို အရေးယူလိုက်တာလို့ ရဲမှူးချုပ်ဟောင်း သူရစန်းလွင် က ဆိုပါတယ်။

ရဲမှူးချုပ်သူရစန်းလွင် တာဝန်မယူခင် ၂၀၁၆ ခုနှစ် အောက်တိုဘာလဆန်းက နယ်ခြားစောင့်ရဲတပ်ဖွဲစခန်းတွေ တိုက်ခိုက်ခံရစဉ်က နယ်ခြားစောင့်တပ်ဖွဲ့မှူးတာဝန်ယူ ခဲ့တဲ့ ရဲမှုးချုပ်မောင်မောင်ခိုင် ဟာလည်း ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့အပြင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ရဲမှူးချုပ် မောင်မောင်ခိုင်ကို အရေးယူပြီးနောက်မှာတော့ ရဲသတင်းတပ်ဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန် ထာမ်းဆောင်နေတဲ့ ရဲမှုးချုပ် သူရစန်းလွင်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးအဖြစ် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြောင်းရွေ့ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

ရဲမှူးချုပ်တာဝန်ယူခဲ့တဲ့ သူရစန်းလွင်ဟာ စစ်တက္ကသိုလ် ( DSA ) အပတ်စဉ် ၂၂ ဆင်းဖြစ်သလို လက်ရှိ ပြည်ထဲ ရေးဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့လည်း သင်တန်း တပတ်စဉ်ထဲ ဆင်းကြသူတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ စုစုပေါင်း ၃၈၀ ကျော်တယ်လို့ အစိုးရ က ပြီးခဲ့တဲ့ မတ်လလယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေး ဌာနက အရာရှိကြီး တယောက်က ပြောခဲ့တာ ဖြစ်ပါတယ်။