ဒေါ်လာ ၁ သိန်း ၂ သောင်းတန် ပြင်သစ်ဝိုင်

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့စျေးအကြီးဆုံး ဝိုင်ပုလင်း

၁၇၇၄ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ ပြင်သစ်ဝိုင်တပုလင်းကို လေလံတင် ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်း ၈ ရာနဲ့ စံချိန်တင် လေလံဆွဲသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းတနေရာမှာ လေလံပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝိုင်အရက်ကို စပျစ်သီးနဲ့ လုပ်ထားတာဖြစ်ပြီး လူဝီ ၁၄ ဘုရင်လက်ထက်က စပျစ်ပေါ်ချိန်မှာ ဝိုင်ဖောက်ခဲ့တာပါ။ ဝိုင်တံဆိပ်က ဗင်ဂေျာ အဝါရောင်ဝိုင် ဖြစ်ပါတယ်။

အဲဒီဝိုင်လေလံပွဲမှာပဲ နောက်ထပ် ဝိုင်တလုံးကို ဒေါ်လာ ၉ သောင်းနီးပါးနဲ့ လေလံဆွဲသွားခဲ့ပါတယ်။ တတိယဝိုင်ပုလင်းကတော့ ဒေါ်လာ ၈ သောင်းခွဲနဲ့ လေလံအောင်သွားခဲ့ပါတယ်။ သုံးပုလင်းလုံးဟာ ဗင်ဂျောတံဆိပ်တွေချည်းဖြစ်ပါတယ်။

အဲဒီဗင်ဂျော ဝိုင်သုံးပုလင်းလုံးကို ဝိုင်လုပ်ငန်းရှင် အနာတိုလီ ဗာဆယ် ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဝိုင်ပုလင်းတွေကို သူ့ရဲ့ မြေးမြစ် အဆက်ဆက်က လက်ဆင့်ကမ်း အမွေခံခဲ့ကြတာဖြစ်ပြီး ဒီဝိုင်ပုလင်း သုံးပုလင်းဟာ လက်ရှိကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံးဝိုင်ပုလင်းတွေဖြစ်မယ်လို့ အများက ယုံကြည်ယူဆထားကြပါတယ်။

ဝိုင်ပုလင်းတွေကို အဲသလောက် စျေးကြီးပေးပြီး လေလံဆွဲသွားတဲ့သူတွေဟာ ကနေဒါနိုင်ငံသားတွေဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဝိုင်တပုလင်းအတွက် အရင်က အမြင့်ဆုံးစံချိန်တင်ထားတဲ့ စျေးက ယူရို ၅၇၀၀၊ ဒေါ်လာနဲ့ဆိုရင် ၆၆၀၀၀ ကျော်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ရောင်းချခဲ့တာဖြစ်ပါတယ်။