မြန်မာ့ဥပဒေ သတင်းအချက်အလက်စနစ် ဝက်ဆိုဒ် လွှင့်တင်

ဓာတ်ပုံ မူပိုင် Screen Shot of MLIS website

မြန်မာနိုင်ငံ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ မြန်မာ ဥပဒေသတင်းအချက် အလက်စနစ်ဆိုတဲ့ The Myanmar Law Information System(MLIS) ဝက်ဆိုဒ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ (ကိုအီကာ)ကနေ ဒေါ်လာ ၃.၆၅ သန်း အကုန်အကျခံပြီး ဒီဝက်ဆိုဒ်ကို တည်ထောင်ပေးထားတာ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်တဲ့ ဝက်ဆိုဒ်ဟာ ရရှိဖို့ ခက်ခဲတဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ချက် ကြေညာချက်တွေကို တနေရာတည်းမှာ စုစည်းဖော်ပြတာဟာ အများကြီး အထောက်အကူ ပြုသလို ဥပဒေသမားတွေ၊ သာမန် ပြည်သူတွေ အတွက် အသုံးဝင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒီဝက်ဆိုဒ်မှာ ၁၉၄၆ ခုနှစ်နောက်ပိုင်းက ဥပဒေတွေ ပါနေသလို ပြည်ထောင်စု အဆင့် ဥပဒေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဥပဒေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ဥပဒေတွေ ဆိုပြီး ဖော်ပြထားတာ ပါသလို စီရင်ထုံးတချို့၊ ကြေညာချက်နဲ့ နိုင်ငံတကာ သဘောတူညီချက် စာချုပ် တချို့ ပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ကိုလိုနီခေတ်က အရေးကြီးတဲ့ အထက်နဲ့ အောက်မြန်မာပြည် စီရင်ထုံး၊ ရန်ကုန်အတွဲ ၁၊ ၂၊ ၃ စတဲ့ စီရင်ထုံးတွေကတော့ ပါမလာဘူးလို့ ဦးသိန်းသန်းဦးက ထောက်ပြပါတယ်။ ဒီစီရင်ထုံးတွေက ဒီကနေ့အထိ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေက ထုတ်ပြန်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ အချိန်နဲ့ တပြေးညီ လူထုက သိရှိဖို့ လိုအပ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ