ကုလလူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်

ဓာတ်ပုံ မူပိုင် AFP

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ နုတ်ထွက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာ လိုက်ပါတယ်။

မက္ကဆီကို နယ်စပ်ကနေ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးတွေကို မိဘတွေနဲ့ ခွဲထားတဲ့ အမေရိကန် သမ္မတ ထရမ့်ရဲ့ မူဝါဒ ပြင်းပြင်း ထန်ထန် ဝေဖန်ခံနေရချိန်မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကောင်စီဟာ လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို အကာ အကွယ်ပေးနေတာ ကြာမြင့်ပြီ ဖြစ်သလို နိုင်ငံရေး ဘက်လိုက်မှုတွေနဲ့ ရောပြွန်းနေတဲ့ အစုအဖွဲ့လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haleyက နုတ်ထွက်ရတဲ့အကြောင်းကို ပြောပြပါတယ်။

အမေရိကန်က တောင်းဆိုနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်အကောင် အထည်မဖော်ပေးတာဟာ ဝမ်းနည်းစရာကောင်းသလို လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ကောင်စီမှာ နေရာရွေးချယ်ပေးတာ ရှိနေတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်သူတွေ ကို အကာအကွယ်ပေးတယ်လို့ အမေရိကန်က စွပ်စွဲတဲ့ အထဲမှာ ဗင်နီဇွဲလားနဲ့ အီရန်က ဖိနှိပ်မှု တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ထောက်ပြ ဝေဖန်မှုမရှိတဲ့ အပြင် ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စု ကိုလည်း အဖွဲ့ဝင်သစ် အဖြစ်လက်ခံတာကို ထောက်ပြသွားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဒါ့အပြင် ဒီနှစ်ဆန်းပိုင်းမှာရော ပြီးခဲ့တဲ့နှစ်တွေ အတွင်းကပါ အစ္စရေး နိုင်ငံ အပေါ်မှာ ဆုံးဖြတ်ချက် ၅ ခု ချမှတ်ခဲ့ခြင်းဟာ တရားမျှတမှု မရှိတဲ့အကြောင်း၊ လူ့အခွင့်ချိုးဖောက်မှု ပိုများတဲ့ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယား ၃ နိုင်ငံ အပေါ် ချမှတ်တဲ့ ဆုံးဖြတ်ချက်ထက် ပိုများကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် တချိန်က လူ့အခွင့်အရေး ကောင်စီအပေါ်မှာ လေးစားတဲ့ အမြင်ထားခဲ့ပေမဲ့ အခုတော့ အထင်ကြီး လေးစားခဲ့သမျှ ပျောက်ကွယ်သွားပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterresရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကတော့ အတွင်းရေးမှူးချုပ် အနေနဲ့ အမေရိကန် ကို မထွက်စေလိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ကမ္ဘာတလွှားရှိ လူ့အခွင့်အရေးတွေ ကို ကာကွယ် စောင့်ရှောက်ပေးသလို မြှင့်တင်ပေးတဲ့ အပိုင်းမှာ ကောင်စီအနေနဲ့ အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆဲပါလို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ Zeid Ra'ad Al Hussein က အမေရိကန် လူ့အခွင့်အရေး ကောင်စီကထွက်တာကို စိတ်ပျက် မိသလို ဒါဟာ အံ့ဩစရာ ကောင်းတဲ့ သတင်းမဟုတ်ဘူးလို့ ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ထွက်တယ်ဆိုတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်ပြီး သမ္မတထရမ့်ရဲ့ လူ့အခွင့်အရေး မူဝါဒတွေက ကျဉ်းမြောင်းတယ်လို့ ပြောပါတယ်။

နယူးယောက်က ဘီဘီစီ သတင်းထောက် Nada Tawfikက ထရမ့်အစိုးရက ဘက်ပေါင်းစုံပါဝင်တဲ့ မူဝါဒကို နောက်ဆုံးငြင်းပယ်ချက်တခုဖြစ်ပြီး ကမ္ဘာတဝန်းက လူ့အခွင့်အရေးတွေကို ကာကွယ် မြှင့်တယ်ရေးအတွက် အမေရိကန်ကို စောင့်ကြည့်နေတဲ့ တချို့ ကိစ္စတွေကို ဖြေရှင်းဖို့ အခက်အခဲ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

အမေရိကန်ဟာ လူ့အခွင့်အရေးကောင်စီနဲ့ ပတ်သက်ရင် အမြဲတမ်း ပဋိပက္ခတွေ ဖြစ်လေ့ ရှိပါတယ်။ ၂၀၀၆ ခုနှစ် ဒီအဖွဲ့ကို စတင်ဖွဲ့စည်းစဉ် ကတည်းက အမေရိကန် သမ္မတ Bush အစိုးရက ဒီကောင်စီကို ကန့်ကွက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမား လက်ထက်ရောက်မှ ဒီအဖွဲ့ထဲ ပြန်ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Geneva အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ၂၀၀၆ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ နိုင်ငံတွေကို အဖွဲ့ဝင် အဖြစ် လက်ခံခွင့်ပေးတာကြောင့် ဒီကောင်စီဟာ ဝေဖန်ခံနေရပါတယ်။

ဆက်စပ် အကြောင်းအရာများ