ထိုင်းမှာ ဖမ်းမယ်ဆိုတဲ့နေ့ နီးလို့ မြန်မာပြည်ပြန်တဲ့ အလုပ်သမားတွေ တိုးလာ

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မဲဆောက်ကနေ မြဝတီဘက်ကို ကူးကြတဲ့ မြန်မာအလုပ်သမားတွေ

ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့် သတ်မှတ်ချက်တွေ ပြည့်စုံတဲ့သူမှသာ လာမယ့် ဇွန်လ ၃ဝ ရက် နောက်ပိုင်း မှာ ဆက်လက်အလုပ်လုပ်ပိုင်ခွင့် ရှိမှာမို့ အဲဒီနေ့ ကျော်ရင် ဖမ်းဆီးမယ် ဆိုတဲ့ သတင်းတွေ ထွက်လာနေတဲ့ အပေါ် တရားဝင်အလုပ်လုပ်ခွင့် မရကြတဲ့ မြန်မာအလုပ်သမားတွေ ထိုင်း မြန်မာနယ်စပ် က နေတဆင့် ကိုယ့်နိုင်ငံကို ပြန်နေကြပါတယ်။

မဲဆောက် က နေ မြဝတီ ဘက်ကို ပြန်သွားနေကြတဲ့ မြန်မာအလုပ်သမားတွေ အခု ရက်ပိုင်းတွေ အတွင်း နေ့စဉ် အယောက် ၅၀၀ လောက်ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတယောက်လည်း ဖြစ်၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကို ကူညီဆောင်ရွက်နေသူလည်းဖြစ်တဲ့ ကိုသားကြီး က ဘီဘီစီ ကို ပြောပါတယ်။

မဲဆောက် က မြန်မာအလုပ်သမား အသိုင်းအဝိုင်းမှာ တရားမဝင် အလုပ်သမားတွေ က အများအပြား ရှိတာမို့ အဲဒီလူတွေက ဖမ်းဆီးခံရမှာကို ကြောက်ရွံ့နေကြတယ် လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့်မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်(Passport) သို့မဟုတ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certification of Identity - CI) နဲ့အတူ နေထိုင်ခွင့်ဗီဇာ ရထားဖို့ လိုအပ်တဲ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(Work Permit) လည်းရှိထားဖို့ လိုအပ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာသမ္မတ ထိုင်းဝန်ကြီးချုပ် နဲ့ တွေ့ဆုံစဉ် ကလည်း မြန်မာအလုပ်သမားအရေး ကို ဆွေးနွေးခဲ့

လွန်ခဲ့တဲ့ သီတင်းပတ် က ထိုင်းနိုင်ငံ ကို ရောက်ရှိခဲ့တဲ့ မြန်မာသမ္မတ ဦးဝင်းမြင့် ကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ကြုံတွေ့ရမယ့် အခက်အခဲတွေ ကို ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး က အရာရှိတွေ ကို ညွှန်ကြားခဲ့ပါတယ်။

ထိုင်းမှာ တရားမဝင်အလုပ်လုပ်သူတွေကိုနှင်တော့မယ်

မြန်မာ အလုပ်သမား သောင်းချီပြီး မဲဆောက်က ပြန်လာနေ

ထိုင်းနိုင်ငံမှာ တရားမဝင်ကော၊ တရားဝင်ကော အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အရေအတွက် အတိအကျ ဘယ်လောက်ရှိတယ် ဆိုတာ ကို မသိနိုင်ပေမယ့်၊ ရွှေ့ပြောင်းအလုပ်သမားအရေး ကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ က ထိုင်းနိုင်ငံ ထဲမှာ ရှိနေတဲ့ မြန်မာအလုပ်သမား အရေအတွက် ၃ သန်း လောက် ရှိတယ် လို့ ခန့်မှန်းကြပါတယ်။

မြန်မာအစိုးရ ရဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး က ၂ဝ၁၇ မတ်လပိုင်း ကတည်း က တရားမဝင် အလုပ်သမားတွေ ကို တရားဝင်လက်မှတ်တွေ ရအောင် လုပ်ဆောင်ပေးခဲ့တာ စုစုပေါင်း ၂ သန်း နီးပါးရှိပြီ လို့ ဘီဘီစီ ကို ပြောပါတယ်။

တရားမဝင် အဖြစ် ရှိနေသေးမယ့် မြန်မာအလုပ်သမား ဘယ်ရွေ့ဘယ်မျှ ကျန်နိုင်သေးတယ် ဆိုတာ သူ မမှန်းနိုင်ပေမယ့် သိန်းချီတဲ့ အရေအတွက် ရှိနိုင်သေးတယ် လို့ သူ က ဆိုပါတယ်။

ထိုင်းရောက် တရားမဝင်အလုပ်သမားတွေ အနေနဲ့ တရားဝင်လက်မှတ် သွားရောက် လုပ်ဆောင်နိုင်ရေး နဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေ ရဲ့ ကန့်သတ်ချက်တွေ အပြင် အခြား အခက်အခဲတွေ နဲ့ ရင်ဆိုင် နေကြရတယ် ဆိုတဲ့ သတင်းတွေ လည်းထွက်ပေါ်ခဲ့ပါတယ်။

လာမည့် ဇူလိုင်လ ၁ ရက် က စတင်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ့် သူတွေ အနေနဲ့ မြန်မာနိုင်ငံ က မထွက်ခွာခင် ကတည်းက နိုင်ငံသားလက်မှတ်၊ အလုပ်သမားဗီဇာ၊ အလုပ်ရရှိကြောင်း စာချုပ် ရှိပြီးမှသာ ထိုင်းကို သွားရောက်အလုပ်လုပ်သင့်ပြီး အဲဒါ တွေ ပြည့်စုံမှသာ ထိုင်းရောက်ရင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(Work Permit) လျှောက်ထားနိုင်ကာ တရားဝင် အလုပ်သမား အဖြစ် အသိအမှတ်ပြုခံရမယ့် အကြောင်း အဲဒီ အလုပ်သမား သံအရာရှိ က ဘီဘီစီ ကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ