ဇွန်လ ၂၆ ရက် ညချမ်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Reuters
Image caption တရားလွှတ်တော်ချုပ်ရှေ့ ကန့်ကွက်ဆန္ဒပြသူတွေ

အမေရိကန်မှာ သမ္မတ ထရမ့်ရဲ့ ဆီးရီးယား၊ လစ်ဗျား၊ ယီမင်၊ အီရန်၊ ချဒ်၊ ဆိုမာလီ မွတ်ဆလင် နိုင်ငံတွေက ဝင်လာသူတွေကို တားမြစ်ကန့်သတ်ချက်ကို တရားလွှတ်တော်ချုပ်က အတည်ပြု ပေးလိုက်ပါတယ်။

ကွန်ဆာဗေးတစ် အများစု ၅ မဲ ၄ မဲနဲ့ ဆုံးဖြတ်ချက်ကြောင့် အောက်ရုံးတွေမှာ ဒီကိစ္စ ငြင်းခုံနေတာတွေ အဆုံးသတ်သွားစေပြီး ထရမ့်အတွက် အောင်ပွဲ ခံစရာ ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေက လာသူတွေကိုလည်း ဒီအမိန်နဲ့ ပြည်ဝင်ခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် CHEMA MOYA
Image caption အာဏာရှင်ခေတ်က ကလေးတွေ ထောင်နဲ့ ချီ အခိုးခံ ခဲ့ရ

စပိန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါးက တုန်းက ဖြစ်ခဲ့တဲ့ ကလေးခိုးမှုမှာ ကျုးလွန်သူလို့ သံသယ ရှိသူ ဆရာဝန်ကို မက်ဒရစ်မြို့တော် တရားရုံးမှာ စတင် ရုံးတင် စစ်ဆေး နိုင်ပြီ ဖြစ်ပါတယ်။

စပိန်မှာ အာဏာရှင် ဖရန်ကို လက်ထက် ဆရာဝန်နဲ့ သူနာပြုတွေက ကျူးလွန်တယ်လို့ ယူဆရတဲ့ ကလေးတွေ ထောင်နဲ့ ချီ အခိုးခံ ခဲ့ရတဲ့ အမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး သံသယရှိရသူ ဆရာဝန် တယောက်ကို ပထမဆုံး ရုံးတင် လာနိုင်တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Felix Weiss / HANDOUT
Image caption ရွှေ့ပြောင်း ဒုက္ခသည် နှစ်ရာကျော် တင်ဆောင်လာ

ရွှေ့ပြောင်း ဒုက္ခသည် နှစ်ရာကျော် တင်ဆောင်လာတဲ့ ကယ်ဆယ်ရေး သင်္ဘောတစင်းကို အီတလီက လက်မခံဘဲ ပြန်လွှတ်လိုက်ပြီးနောက် မော်လတာက လက်ခံမယ်လို့ အီတလီ ဝန်ကြီးချုပ်သစ် ဂျိုဇက်ပေး ကွန်တေက ပြောကြား လိုက်ပါတယ်။

မော်လတာကတော့ ဒီ ဂျာမန် ကယ်ဆယ်ရေး သင်္ဘောကို လက်ခံမခံ အတိအကျ မပြောသေးပါဘူး။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို တိုင်ကြားရင် အခွန်ကင်းလွတ်ခွင့် ပေးမယ်

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ ကို သတင်းပေး တိုင်ကြားရင် ဆုကြေး ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီး အဲဒီ အပေါ်မှာလည်း အခွန်ကင်းလွတ် ခွင့် ပေးမယ်ဆိုပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပြောပါတယ်။

ဒါ့အပြင် သတင်းပေးသူတွေနဲ့ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေရဲ့ လုံခြုံမှုကို အထူးဂရုပြုတဲ့အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မယ့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန တခုကို နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ ပီတာမော်ရာ စစ်တွေကို ရောက်ရှိ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ ပီတာ မော်ရာ ဟာ စစ်တွေကို ရောက်ရှိလာပြီးနောက် မောင်တောကို ဆက်လက် ထွက်ခွာသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က နှစ်ဘက်လူမှု အသိုင်းအဝိုင်းက လူနေတွေနဲ့ စကားပြောဖို့၊ ဖြစ်နေတဲ့ လက်ရှိ အခြေအနေတွေကို ပိုမို နားလည် သဘောပေါက်ဖို့နဲ့ အကူအညီတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေ ပိုပေးနိုင်ဖို့ ရည်ရွယ် လာရောက် တာဖြစ်တယ်လို့ စစ်တွေလေဆိပ် သတင်းစာရှင်းပွဲမှာ ပီတာ မော်ရာ ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MOHAMAD ABAZEED
Image caption အာဆတ် အစိုးရ လိုလားတဲ့ တပ်တွေက သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင်

ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ဒဲရား ဆိုတဲ့ အရပ် မှာ သမ္မတ အာဆတ် အစိုးရကို လိုလားတဲ့ တပ်ဖွဲ့တွေက သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင်နေပါတယ်။

ဂျော်ဒန်နဲ့ ဂိုလန်ကုန်းမြင့်တို့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒဲရားထဲက ရွာ နှစ်ရွာကို အစိုးရ သစ္စာခံတပ်တွေ သိမ်းပိုက် နိုင်လိုက်တယ် ဆိုပြီး အစိုးရ မီဒီယာက ကြေညာပါတယ်။

ဆက်စပ် အကြောင်းအရာများ