လူငယ်တွေ ပိတ်မိနေတဲ့ နေရာလို့ ယူဆထားတဲ့ ပတ္တယားကမ်းခြေ

Image caption ရေကျသွားလို့ ကယ်ဆယ်ရေး ခရီးတွင်

ထမ်လွန်လိုဏ်ဂူထဲ ထိုင်းလူငယ်လေးတွေ ရှိနေ နိုင်တယ်လို့ ယူဆထားတဲ့ နေရာနဲ့ မိုင်ဝက်သာသာ လောက်ပဲ လှမ်းတော့တဲ့ နေရာထိအောင် ကယ်ဆယ်ရေးသမားတွေ ရောက်နိုင်ခဲ့ပြီလို့ ထိုင်းအာဏာပိုင်တွေ ယူဆ နေပါတယ်။

လူငယ် ၁၂ ယောက်နဲ့ သူတို့ရဲ့ ဘောလုံးနည်းပြ စုစုပေါင်း ၁၃ ရောက်ဟာ ကျဉ်းမြောင်းပြီး ရေလည်း လွှမ်းနေတဲ့ လိုဏ်ဂူလမ်းကြောင်း ကနေ ပြန်ထွက် မလာနိုင်ပဲ တနေရာမှာ ပိတ်မိ နေနိုင်တယ် ဆိုတဲ့ ယူဆချက်နဲ့ ကယ်ဆယ်ရေးသမားတွေ တစ်ပတ်ကျော်ကြာ အသည်းအသန် ဆက်လက် ရှာဖွေ နေတာ ဖြစ်ပါတယ်။

မိုးတွေ သည်းသည်းထန်ထန် ရွာလာပြီး ဂူထဲ ရေတွေလျှံ၊ ရေတွေပြည့်လာချိန်မှာ လူငယ်လေးတွေ လမ်းပျောက်ပြီး ပြန်ထွက် မလာနိုင်တော့ပေမယ့် ရေမျက်နှာပြင်ထက် အတော်အတန် မြင့်တက်နေတဲ့ ကျောက်အငူ တစ်ခုအပေါ် သူတို့ သောင်တင် ပိတ်မိလျက်သား ရှိနေလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

Image caption ပတ္တယားကမ်းခြေမှာ သောင်တင်နေနိုင်
  • ပတ္တယားကမ်းခြေ

ထိုင်းက နာမည်ကျော် ကမ်းခြေတစ်ခု ဖြစ်တဲ့ ပတ္တယားကမ်းခြေကို ရည်ညွှန်းပြီး အဲဒီ နာမည်တိုင်း လိုက်လံ ခေါ်ဝေါ်တဲ့ နေရာတစ်ခု ထမ်လွန်ဂူ လမ်းကြောင်း တစ်နေရာမှာ ရှိနေပါတယ်။

ပတ္တယားကမ်းခြေလို့ ခေါ်တဲ့ အဲဒီ ကျောက်အငူ အမြင့်ပေါ်မှာ လူငယ်တွေ ရှိနေနိုင်တယ် ဆိုတဲ့ ယူဆချက်နဲ့ ရေငုပ်သမားတွေဟာ အဲဒီနေရာကို မရောက်ရောက်အောင် ကြိုးစား နေတာဖြစ်ပြီး ဇူလိုင်လ ၂ ရက် မှာတော့ ၁ ကီလိုမီတာ (ဝ.၆ မိုင်) အထိ ရောက်လာ နိုင်ပါတယ်။

ဒီလောက်အကွာထိ ရောက်လာဖို့ အင်မတန် ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရတာပါ။

ဂူထဲ ပြည့်နေတဲ့ ရေတွေကို အဆက်မပြတ် စုပ်ထုတ်နေရတာမှာ တစ်နာရီကို ရေ လီတာပေါင်း တစ်သောင်း လောက် စုပ်ထုတ် နေတာတောင် ဂူထဲက နေရာ အစိတ်အပိုင်း တချို့ဆို ရေလွှမ်းနေတုန်း ဖြစ်ပါတယ်။

မှောင်မည်းနေပြီး လုံးဝ မမြင်ရလောက်အောင် ပိတ်ပိတ်မှာင်နေတဲ့ ရေအောက်ကို ငုပ်ပြီး လိုဏ်ဂူ အခန်းတွေ အဆင့်ဆင့်၊ လမ်းကြောင်း အမွှာတွေ အကွဲကွဲ ဖြစ်နေတဲ့ ဂူ အတွင်းပိုင်းထိ ထိုးဖောက် သီတင်းတစ်ပတ်ကျော် ထိုးဖောက် ဝင်နေတာ ဖြစ်ပါတယ်။

Image caption ထိုင်းနေဗီဆီးလ်တွေ ကယ်ဆယ်ရေးလုပ်ဆောင်
Image caption အောက်ဆီဂျင်ဗူးတွေ ရာနဲ့ချီပြီး ဂူထဲသယ်နေ
Image caption ရေကျသွားဖို့ စောင့်ကြည့်
  • ဂူလမ်းကြောင်းကို ချဲ့ထွင်

ပထမရက်တွေတုန်းက ပြန်ပြန် ထွက်လာ နေရပေမယ့် ဇူလိုင် ၁ ရက်၊ တနင်္လာနေ့က စပြီး တိုးတက်မှုတွေ ရလာပါတယ်။

ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့မှာတော့ လူငယ်တွေ ရှိနေ နိုင်တယ်လို့ ယူဆရတဲ့ ပတ္တယားကမ်းခြေ ကျောက်အငူ ရှိရာ အပိုင်းအခြားကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

ထိုင်း တော်ဝင် ရေတပ်ဖွဲ့က အထူးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံတကာက ရေငုပ် ကျွမ်းကျင်သူတွေ စုပေါင်းပြီး ကယ်ဆယ်ရေးကို အားမလျှော့ပဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သူတို့ လိုဏ်ဂူထဲ ဝင်သွားအပြီး မိုးသည်းသည်းထန် ရွာလာပြီး ဂူထဲ ရေတွေနဲ့ ပြည့်သွားခဲ့ပါတယ်။

အခုရက်ပိုင်းမှာတော့ ရေမျက်နှာပြင် တဖြည်းဖြည်း ပြန်ကျလာလို့ ရှာဖွေရေး လုပ်ငန်းလည်း တိုးတက်မှု ရှိလာပါတယ်။

ဒါပေမယ့် ဂူ အတွင်းပိုင်း မီတာ ၆ဝဝ လောက် ခရီးရောက်ဖို့ ၈ နာရီလောက် အချိန်ယူ နေရတယ် ဆိုပြီး ချင်းရိုင် ဒေသ အုပ်ချုပ်ရေးမှုး နရောင်ဆက် အိုဆော့တာနာကွန်းက သတင်းထောက်တွေကို ဇူလိုင် ၁ ရက် နေ့တုန်းက ပြောခဲ့ပါတယ်။

သဲသဲကွဲကွဲ မမြင်ရ၊ ရေလွှမ်းနေတဲ့ အခက်အခဲတွေ ကြားကပဲ ရည်မှန်းထားတဲ့ နေရာကို အရောက်သွားဖို့ အရှိန်မြှင့် လုပ်နေတယ်လို့ ထိုင်း ရေတပ် အထူးတပ်ဖွဲ့ နေဗီဆီးလ် ဗိုလ်ချုပ်က Apakorn Yuukongkaew ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းစစ်တပ်က လုပ်ဆောင်နေတဲ့ ရှာဖွေ ကယ်ဆယ်ရေး
  • အသက်ရှင်နိုင်ဖို့ အခွင့်အရေး

ဂူထဲပိတ်မိနေသူတွေ သီတင်းတစ်ပတ်ကျော်ကြာ အသက်ရှင် နေနိုင်မလား ဆိုတာ သူတို့ သောက်ရေ ရှာတွေ့နိုင်လား ဆိုတဲ့အပေါ် အဓိက မူတည်လိမ့်မယ်လို့ ထိုင်း ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။

အစားမစား ရရင်တောင် သောက်သုံးနိုင်လောက်အောင် အခြေအနေ ရှိတဲ့ ရေမျိုး ရှိနေတယ် ဆိုရင် အသက်ရှင်လျက် ရှိနေဦးမယ်လို့ ထိုင်းကျန်းမာရေး ဝန်ဆောင်မှု ဌာနရဲ့ အကြီးအကဲ ဒေါက်တာ ဆွမ်ဆက် အက်ကာဆစ်ပ်က ပြောပါတယ်။

အသက်ရှင်ရေး အတွက် ရရာရေတွေ သောက်ရာက ရောဂါ ဖြစ်တာမျိုး၊ ဂူထဲ ခိုအောင်းနေတဲ့ တိရိစ္ဆာန်တွေရဲ့ ရန်ကို ကြုံရတာမျိုးလို အန္တရာယ်မျိုးတွေလည်း တစ်ဘက်မှာ ရှိနေတယ် လို့လည်း ဒေါက်တာ အက်ကာဆစ်ပ်က ပြောပါတယ်။

လိုဏ်ဂူတွင်း အပူချိန်ဟာ ၂ဝ ကနေ ၂၅ ဒီဂရီ စင်တီဂရိတ်ကြား ရှိနိုင်ပါတယ်။

လေဝင်လေထွက် ရှိတဲ့ ထုံးကျောက်ဂူ ဖြစ်လို့ ပိတ်မိနေသူတွေ အတွက် လုံလောက်တဲ့ အောက်စီဂျင် ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလေးတွေကို ကယ်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေ ရောက်

ကလေးတွေ ဂူထဲ ဝင်တုန်းက လက်နှိပ်ဓာတ်မီးတွေနဲ့ စားစရာတချို့ ပါသွားတယ်လို့ နားလည်ရပါတယ်။

ဒီဂူမှာ အပြင်ကို ပွင့်နေတဲ့ တခြား လမ်းကြောင်းတွေလည်း ရှိနေနိုင်တဲ့ အတွက် သူတို့ဟာ အဲဒီ လမ်းကြောင်းမျိုးတွေ့လို့ အပြင်ကိုပဲ ရောက်နှင့် နေမလားဆိုတဲ့ ခန့်မှန်း တွက်ဆ တာမျိုးတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် ဂူထဲ ထိုးဖောက် ဝင်ရောက် နေတာနဲ့ တချိန်တည်းမှာပဲ အပြင်ဘက် တောင်ကြော တလျှောက်က တောအုပ်ထဲ ရှာဖွေနေကြတဲ့ ကယ်ဆယ်ရေးသမားတွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ