ရုပ်မြင်သံကြား လိုချင်တယ်လို့ ကုလနဲ့ ကမ္ဘာဘဏ် အကြီးအကဲထံ ရိုဟင်ဂျာ အမျိုးသမီးတွေ တောင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ကော့ဆက်ဘဇားရောက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres

ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Young Kim တို့ ဟာ ဘင်္ဂလားဒေ့ ရှ်နိုင်ငံ (Cox's Bazar) ကော့ဆက်ဘဇားမှာရှိတဲ့ ကူတူးပလောင်(Kutupalong) ရိုဟင်ဂျာ ဒုက္ခသည်စခန်း အပါအဝင် တခြား ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူတို့ သွားရောက်ခဲ့တဲ့ ဒုက္ခသည် စခန်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဖြစ်ပြီး ဒီမှာ ခိုလှုံနေသူတွေဟာ ဆိုးရွားတဲ့ အခြေအနေက ထွက်ပြေးလာကြသူတွေ ဖြစ်တယ်လို့ မစ္စတာ ဂူးတားရပ်ရှ်က ဆိုပါတယ်။

သူတို့ရဲ့ ရွာသားတွေ မီးလောင်တာကို မြင်တွေ့ရသူတွေ ၊ ဆိုးရွားတဲ့ အကြမ်းဖက်မှုကို ကြုံခဲ့ရသူတွေ ၊ လူအများအပြား အသတ်ခံရတာ ၊ မုဒိမ်းကျင့်ခံရတာ နဲ့ နှိပ်စက် ခံရတာကို မျက်မြင် ကြုံတွေ့ရတဲ့ သူတွေနဲ့လည်း သူတို့ စကားပြောခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် က ဆိုပါတယ်။

ဒါ့အပြင် သူတို့တွေ ခံစားနေရာတာဟာ ဘာနဲ့မှ မတူဘဲ အဲဒီက အခြေအနေတွေ ပြောင်းလဲနိုင်ဖို့ နဲ့ ဒုက္ခသည်တွေ လုံခြုံပြီး သိက္ခာ ရှိရှိနဲ့ ပြန်သွားနိုင်စေဖို့ မြန်မာ အပေါ် ဖိအားပေးဖို့ သူတို့ ကြိုးစားနေပါတယ်လို့ မစ္စတာ ဂူတားရက်ရှ် က ပြောပါတယ်။

မိုးရာသီ ရေကြီး မြေပြိုမှုတွေ ဖြစ်ရင် ကြိုတင် ကာကွယ်နိုင်အောင် အထောက်အပံ့တွေ လိုသေးတယ်လို့လည်း မစ္စတာ ဂူတားရက်ရှ်က ထပ်လောင်း ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Young Kim

ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ်ယုံကင်းမ် ကတော့ နှိပ်စက် ခံရတာ ၊ ကလေးတွေ ပစ်ခတ် သတ်ဖြတ်ခံရတာတွေနဲ့ နေရာကျဉ်းကျဉ်းလေးမှာ လူတွေ အများကြီး နေနေရတာတွေကို တွေ့လိုက်ရတော့ ဒါတွေဟာ တုန်လှုပ် ချောက်ချား စရာကောင်းပြီး စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

ကော့ဆက်ဘဇားသွားမယ့် ကုလ အတွင်းရေးမှူးချုပ်

ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကုလ အတွင်းရေးမှူးချုပ် ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်

အခု ကြားခဲ့ရတဲ့ အဖြစ်အပျက်တွေက သူတို့တွေ အနေနဲ့ ကိုယ်တိုင် နေရပ်ပြန်နိုင်ဖို့ နိုင်ငံရေး အဖြေတခု ရှာဖို့ လိုတယ် ဆိုတာ ပိုခိုင်မာ စေသလို တခြားဖက်မှာလည်း သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ ကျန်းမာရေး ၊ ပညာရေးနဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေကို နိုင်ငံတကာ က ဖြည့်ဆည်းပေးထားပါတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌက ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖွင့်ပြီး ရိုဟင်ဂျာတွေကို လက်ခံ အကူအညီ ပေးခဲ့တာကို အသိအမှတ် ပြုသလို ပြီးခဲ့တဲ့ သီတင်းပတ်က ဘင်္ဂလားဒေ့ရှ် ကို ဒေါ်လာ သန်း ၈၄၀ ချေးငွေ အဖြစ် ကမ္ဘာ့ဘဏ်က ဒုက္ခသည်တွေ ထောက်ပံ့ပေးဖို့ ပေးအပ်ခဲ့ပါတယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ တို့ရဲ့ ခရီးစဉ် အတွင်း ဒုက္ခသည် အမျိုးသမီးတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို ပြောပြခဲ့ကြတယ်လို့ ဆိုသလို မြန်မာ နိုင်ငံမှာ ပညာရေး သိတ်မကောင်းသလို အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသမီးတွေ အနေနဲ့ ပညာရေး လက်လှမ်းမီ ဖို့ အခက်အခဲ ဖြစ်နေပေမယ့် သူတို့ လိုချင်တဲ့ ပုံစံတွေက ရှင်းလင်းပြီး ကျိုးကြောင်း ခိုင်လုံတယ်လို့ ကုလ အရာရှိတွေက ဆိုပါတယ်။

ကမ္ဘာတလွှားမှာ ရှိတဲ့ တခြား ဒေသတွေက လူတွေ ကခုန် ပျော်မြူးနေတာကို တွေ့ချင်လို့ ရုပ်မြင်သံကြား လိုချင်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတွေက တောင်းဆိုခဲ့ကြောင်းလည်း ပြောပြကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းတုန်းက နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းမှုကြောင့် ဒုက္ခသည်ခုနှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်

နိုင်ငံဖက် ထွက်ပြေး ခိုလှုံခဲ့ကြတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။