ဇူလိုင် ၅ ရက် ညချမ်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Steve Parsons

ဗြိတိန်နိုင်ငံမှာ အာရုံကြော ထိခိုက်စေနိုင်တဲ့ ဓာတု အဆိပ်သင့်မှု ဒုတိယအကြိမ် ထပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ရုရှား သူလျှိုဟောင်းနဲ့ သူ့သမီးတို့ အလားတူ ဓာတု အဆိပ်သင့်ခဲ့မှုမှာ ရုရှား ပါဝင် ပတ်သက်မှု မရှိဘူး ဆိုတာကို ရုရှားအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ထပ်မံငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မိုးမရွာခင် ကယ်ထုတ်နိုင်ဖို့ အချိန်လု

ထိုင်းနိုင်ငံမြောက်ပိုင်းက ထမ့်လွန်ဂူထဲမှာ ၁၂ ရက်ကြာ ပိတ်မိနေတဲ့ ဘောလုံးအသင်းလူငယ် ၁၂ ဦးနဲ့ နည်းပြတို့ကို လာမယ့်ရက်ပိုင်းအတွင်း မိုးမရွာခင် ကယ်ထုတ်နိုင်ဖို့ အချိန်လု ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရာသီဥတု အခြေအနေ ကောင်းခဲ့တဲ့အတွက် ဂူထဲက ရေတွေ နာရီဝက်ကို တစင်တီမီတာလောက် လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption လာဘ်ငွေယူပြီး ကလေး မွေးစားချင်သူတွေကို ကလေးတွေပေး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်မှာ ကလေးတွေကို တရားမဝင် မွေးစားမှုတွေကနေ အကျိုးအမြတ်ယူခဲ့မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူ အထင်ကရ ခရစ်ယာန် ပရဟိတအဖွဲ့တဖွဲ့က ဝန်ထမ်းတဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ အမျိုးသမီး ဝန်ထမ်းက လာဘ်ငွေယူပြီး ကလေး မွေးစားချင်သူတွေကို ကလေးတွေပေးခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သူဟာ ကိုလကတ္တားမြို့က ခရစ်ယာန် မယ်သီလရင် မာသာ ထရီစာ တည်ထောင်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန် ပရဟိတအဖွဲ့ရဲ့ အဖွဲ့ခွဲ တခုမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တိုင်းရင်းသား နေရာတွေကို ချန်လှပ်ပြီး တိုင်းတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော် အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် တနေရာနဲ့ ပြည်နယ်တိုင်း လွှတ်တော်အတွက် ၈ နေရာ စုစုပေါင်း ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ANDY WONG
Image caption တရုတ်သမ္မတ ရှီ ဂျင်းပင်

တရုတ်နိုင်ငံမှာ သမ္မတ ရှီ ဂျင်းပင်က အဂတိလိုက်စားမှု အမြစ်ဖြုတ် တိုက်ဖျက်ဖို့ ၆ နှစ်တာ သူ ကြိုးပမ်း ဆောင်ရွက်နေပေမယ့် ခုချိန်ထိ အဂတိ လိုက်စားမှုတွေ ထူပြောနေဆဲပဲလို့ ပြောပါတယ်။

၂ဝ၁၂ သူအာဏာရလာပြီးနောက် ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းတွေအတွင်း လူ တသန်းခွဲကျော် အရေးယူခံရပြီး ထိပ်တန်း အရာရှိကြီးတွေ ဖမ်းဆီး ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။