ဇူလိုင်လ ၁၀ ရက် မနက်ခင်းသိမှတ်ဖွယ်ရာ သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းနိုင်ငံ ထမ့်လွန်ဂူထဲမှာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေစဉ်

(၁) တတိယမြောက်နေ့ ကယ်ဆယ်ရေးအတွက် စတင်ပြင်ဆင်နေပါပြီ။ မကြာခင်မှာ ဂူတွင်းက ကျန်ရှိ ကလေးတွေကို ဆက်ပြီးတော့ ကယ်တင်နိုင်တော့မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ထမ့်လွန်ဂူထဲ ပိတ်မိနေတဲ့ လက်ကျန် ဘောလုံးသမား ကလေးလေးယောက်နဲ့ နည်းပြတို့ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး သူတို့ကို ကယ်ထုတ်ဖို့ ဇူလိုင် ၁၀ ရက် ဒီနေ့မှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကတည်းက ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ထုတ်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကတည်းက စတင်ခဲ့ရာမှာ မနေ့က အထိ ကလေးရှစ်ယောက်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန်နိုင်ငံက ရေကြီးမြေပြိုမှုတွေကြောင့် ဒုက္ခရောက်သူတွေကို ကယ်ဆယ်ရေးတွေက ဘေးလွတ်ရာ ကယ်တင်နေကြပုံ

(၂) လူပေါင်းတရာကျော် သေဆုံးနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံက ရေကြီးမြေပြိုတဲ့ဘေးကနေ ကယ်ဆယ်ရေးသမားတွေဟာ ကြိုးစားပမ်းစား ကယ်ဆယ်နေရပါတယ်။

အခုချိန်ထိ လူပေါင်း ၁၂၆ ယောက် သေဆုံးခဲ့ပြီဖြစ်ပြီးတော့ ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။

ဒီလို ကယ်ဆယ်နေတဲ့ရတဲ့ အထဲက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို ဦးစားပေး ကယ်ထုတ်နေရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုကို ၃ ကြိမ်လောက်ကြုံခဲ့ရပါတယ်။ မြစ်ကမ်းတွေနားနဲ့ အနိမ့်ပိုင်းမှာနေထိုင်သူ ၁ ဒသမ ၅ သန်း လောက်ကို နေရပ်ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်္ဂလန်နိုင်လို့ အောင်ပွဲခံနေကြသူများ

(၃) မကြာခင် ကစားတော့မယ့် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ် ပွဲနဲ့ ပတ်သက်လို့ ပွဲကြို ခန့်မှန်းချက်တွေက ထုတ်ပြန်ထားပါတယ်။

အခုဆီမီးဖိုင်နယ်ပွဲမှာ ပြင်သစ်နဲ့ ဘယ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ရဲ့ ပွဲတွေကို လူအများက စောင့်ကြည့်နေကြပါတယ်။ ဘယ်အသင်းတွေ အနိုင်ရမလဲ။ ဘယ်လို ကစားမလဲ ဆိုတာ ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို ဖတ်ရမှာဖြစ်ပါတယ်။

ဖိုင်နယ်ပွဲကို ဘယ်သူတွေ တက်လို့ ဘယ်သူတွေ အိမ်ပြန်မယ်ဆိုတာကတော့ ဒီညမှာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပွဲများ

ပြင်သစ်- ဘယ်ဂျီယံ

အင်္ဂလန် - ခရိုအေးရှား

(၄) ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ တွေက ပြင်ဆင်နေကြပါပြီ။

အခုချိန်ထိ နိုင်ငံရေးပါတီ ၁၆ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၅ ဦး အမည်စာရင်းသွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ