အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အတိုင်ပင်ခံ ဖိတ်ခေါ်

Image caption ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယမြောက် အစည်းအဝေး

၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယမြောက် အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်မှာ စတင်ခဲ့ပါတယ်။

ဒီတခေါက် ညီလာခံရဲ့ ထူးခြားချက်ကတော့ လုပ်ခဲ့တဲ့ ပင်လုံညီလာခံ သုံးကြိမ်မှာ ဒီတကြိမ်ဟာ အပစ်ရပ်ပြီးကော မရပ်ရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကော စုံစုံညီညီ တက်လာခဲ့တာ မြင်ရတယ်လို့ ညီလာခံမှာ တက်ရောက် သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ညီလာခံ အဖွင့်မိန့်ခွန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သမိုင်းတလျှောက် ပြန်ကြည့်မယ် ဆိုရင် ဘယ်ခေတ်မှ မပေါ်ပေါက်ဘူးတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မျက်ဝါးထင်ထင် မြင်နေရပြီဖြစ်ပြီး ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းတွေအဖြစ် လက်မှတ်ရေးထိုးနိုင်တဲ့ အခြေအနေရောက်ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အပစ်ရပ် RCSS တပ်တွေ ဆုတ်ခွာဖို့ စစ်တပ် သတိပေး

၂၁ ပင်လုံတက်မဲ့ မြောက်ပိုင်းခေါင်းဆောင်တွေ တရုတ်ကနေ လေယာဉ်နဲ့ လာမယ်

ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ရဲ့ NCA ထီးရိပ်အောက်ကို ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အစပိုင်းမှာ ထဲထဲဝင်ဝင် ပါဝင် အားကျိုးမာန်တက် ဆွေးနွေးခဲ့ကြတဲ့ အစုအဖွဲ့အချို့ ပါဝင်လာနိုင်ခြင်းမရှိပါဘူး။ အလားတူ အစိုးရနဲ့ နှစ်ဘက် သဘောတူညီချက် တွေကို စောင့်ထိန်း လိုက်နာပြီး ပဋိပက္ခ နဲ့တိုက်ပွဲ တွေကို ရှောင်ရှားနိုင်တဲ့ အစုအဖွဲ့တွေလည်း ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး " လို့ပြောခဲ့ပါတယ်။

ဒါကြောင့် ဒီအဖွဲ့တွေကို အစိုးရဘက်က အမြဲတမ်း ငြိမ်းချမ်းရေး တံခါး ဖွင့်ထားပါတယ် ဆိုပြီး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

Image caption ပင်လုံညီလာခံရောက် တိုင်းရင်းသူတဦး

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့တွေဘက်က လောလောဆယ်တော့ ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိသေးသလို မနက်ဖြန်မှာ တပ်မတော် ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ဒီလိုတွေ့ဆုံအပြီးမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က မီဒီယာကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ညီလာခံမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ခဲ့သလို သူကတော့ ဒီနေ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အစိုးရနဲ့ တပ်က တက်ကြွစွာ ဦးဆောင်နေတာဟာ အင်အားချိနဲ့လို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာ မဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ် ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုး မပေးဖို့ လိုပါမယ်။ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ဆွဲသွင်းလာခြင်းတို့ မပြုလုပ်ဖို့ အရေးကြီးပါတယ်။"လို့ ပြောခဲ့ပါတယ်။

ဖွင့်ပွဲအပြီးမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲဆွေးနွေးမှု ကော်မတီ (UPJDC) ရဲ့လုပ်ငန်းအစီရင်ခံစာ တင်ပြခြင်းအပါအဝင် နိုင်ငံရေး စီးပွားရေး လူမှုရေး ကဏ္ဍ ဆိုင်ရာမူဝါဒတွေကို တင်သွင်းသွားမှာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ ပင်လုံညီလာခံ အစည်းအဝေး နှစ်ကြိမ်ကျင်းပခဲ့ပြီး အခုအကြိမ်ကတော့ တတိယအကြိမ်ဖြစ်ပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ (၁) ကြိမ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ (၂) ကြိမ်၊ ၂၀၂၀ မပြည့်မီ နောက်ထပ်ညီလာခံ (၃)ကြိမ် ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။