ဇူလိုင်လ ၁၂ ရက်ညချမ်း သိထားသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် THET AUNG
Image caption ဦးပေါက်ယူရီ ကျန်းမာရေး အခြေအနေ မကောင်း

၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်နေတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ညနေပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံဖို့ ရှိပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ UWSP ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးပေါက်ယူရီ ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ဒီကနေ့ နေ့လယ်က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို အရေးပေါ် ပို့ထားရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရပ်ဆဲကအပြန် လန်ဒန်ကူးလာတဲ့ ထရမ့်တို့ မောင်နှံ

အမေရိကန် သမ္မတ ထရမ့်က စစ်ရေး အသုံးစရိတ် ဒေါ်လာ ၃၃ ဘီလျံ အပို ပေးရေးနဲ့ ပတ်သက်လို့ နေတိုး အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေနဲ့ သူ ပြေပြေလည်လည် ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဘရပ်ဆဲမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က နေတိုးအဖွဲ့ဟာ ထိပ်သီးဆွေးနွေးပွဲ စတင်တဲ့ လွန်ခဲ့တဲ့ ၂ ရက်ကထက် ပို ခိုင်မာ လာတယ်လို့ ပြောသွားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အာဟာရ ချို့တဲ့မှုကြောင့် ကလေး ၅ ဦးမှာ တဦးလောက်က ပိန်လှီနေတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဆက်လက် ရှာဖွေ

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးဆိုးဝါးဝါး ရေကြီးမှုကြီးအတွင်း သေဆုံးသူ နှစ်ရာ နီးပါး ရှိသွားပြီလို့ သိရပြီး အတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ အိမ်အပျက်အစီးပုံတွေကြားမှာ အသက်ရှင် ကျန်ရစ်မယ့် သူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဆက်လက် ရှာဖွေနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကလပ်မှာ ဖော်ချွတ်ကပြနေတုန်း အဖမ်းခံရ

သမ္မတ ထရမ့်နဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိခဲ့တယ် ဆိုပြီး သမ္မတ ထရမ့်နဲ့ တရားရင်ဆိုင်နေတဲ့ အမေရိကန် ညစ်ညမ်းကား ရုပ်ရှင်မင်းသမီး Stormy Daniels ဟာ ကလပ်တခုမှာ ဖော်ချွတ်ကပြနေတုန်း အဖမ်းခံခဲ့ရပြီး ဒါဟာ တမင် အကွက်ဆင် ဖမ်းဆီးခံခဲ့ရတာလို့ Stormy Daniels ရဲ့ ရှေ့နေက ပြောပါတယ်။