ဇူလိုင်လ ၁၃ ရက်ညချမ်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် AHMAD AL-MSALAM
Image caption ဒရုန်းယာဉ်ပျံ အပျက်အစီး

ဆီးရီးယားကနေ အစ္စရေး လေပိုင်နက်ထဲ ဝင်လာတဲ့ ဒရုန်းယာဉ်ပျံတစင်းကို ဒုံးကျည်နဲ့ အစ္စရေး စစ်ဘက်က ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးက ဂါလီလီရေအိုင်နားမှာ မောင်းသူမဲ့ ဆီးရီးယား လေယာဉ်တစင်းကို ပစ်ချပြီး နှစ်ရက်အကြာမှာ ထပ်ပြီး ဒီလို ပစ်ချခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး အစည်းအဝေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီးသား တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် အချိန်ဇယား ချမှတ် ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့် ဆင့်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းရှာရာမှာ အဓိကကျတဲ့ ခေါင်းဆောင်တွေ ပိုမို နီးနီးကပ်ကပ် ဆောင်ရွက်ကြဖို့ ဆွေးနွေး ခဲ့ကြပါတယ်။

စီးပွားရေးကဏ္ဍ အတွက် စီမံကိန်းတွေ ရေးဆွဲရာမှာ ပြည်နယ်နဲ့တိုင်းအစိုးရတွေက ရေးဆွဲဖို့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ တတိယနေ့ ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့က သဘောတူ လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အယ်ခိုင်ဒါအဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်

အယ်ခိုင်ဒါအဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် ရဲ့ သက်တော်စောင့်လို့ ပြောနေတဲ့ တူနီးရှား အမျိုးသား တယောက်ကို ဂျာမနီနိုင်ငံ အာဏာပိုင်တွေက သူ့နိုင်ငံ ပြန်ပို့လိုက်ပါတယ်။

Sami A လို့သာ ဖော်ပြတဲ့ အဲဒီလူက အယ်ခိုင်ဒါ အဖွဲ့ ခေါင်းဆောင် နဲ့ ဆက်စပ်မှု တစုံတရာမရှိဘူးလို့ ငြင်းဆိုပါတယ်။

သူ့ဟာ အရင်က တခါမှ စွဲချက်တင် မခံခဲ့ရဖူးသလို တူနီးရှားကိုပြန်ရောက်ရင် ညှဉ်းပန်း နှိပ်စက်ခံရနိုင်တယ်လို့ ပြောဆိုပြီး အရင်က ပြန်ပို့ဖို့ ကြိုးပမ်းမှုတွေကို တားဆီးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Chris J Ratcliffe
Image caption လန်ဒန်မြို့လယ်က ထရမ့်ဆန္ဒပြပွဲ

လူဝင်လူထွက်အရေးဟာ ဥရောပ အတွက် ဆိုးရွားတဲ့ ရလဒ်ကို ပေးတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။

ဝင်ရောက်လာသူတွေကြောင့် ယဉ်ကျေးမှုတွေ ပြောင်းကုန်တာနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု ပိုဆိုးလာစေတယ်လို့ သူကပြောပါတယ်။

ဗြိတိန်ဟာ ဖိနှိပ်ခွဲခြားမှုကြောင့် ဝင်ရောက်ခိုလှုံလာသူတွေကို အကူအညီပေးခဲ့တဲ့ သမိုင်းကြောင်း ရှိတယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် မေက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဗြိတိန်ရဲ့ နယ်နိမိတ်တွေကို ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ထရီစာ မေက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အဖမ်းခံဖို့ ပြန်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သားအဖ

အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချခံထားရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ်ရှရစ်ဖ် သူ့နိုင်ငံကို ပြန်မလာခင် ရဲအရာရှိ ထောင်နဲ့ချီပြီး နိုင်ငံတွင်းမှာ ချထားပါတယ်။

သူ့ကိုထောက်ခံသူတွေ လေဆိပ်ကို မသွားနိုင်အောင် လာဟို မြို့က အဓိကကျတဲ့ လမ်းမကြီးတွေပေါ်မှာ သင်္ဘောနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရာမှာသုံးတဲ့ ကုန်သေတ္တာကြီးတွေကို ချထားပါတယ်။

မစ္စတာ ရှရစ်ဖ်ဟာ သူ့လိုပဲ အလားတူ စွဲချက်နဲ့ ထောင်ဒဏ်ကျခံရဖို့ရှိတဲ့ သမီးဖြစ်သူ နဲ့အတူ ပြန်လာမှာပါ။

ဓာတ်ပုံ မူပိုင် M.A.PUSHPA KUMARA
Image caption ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ရတဲ့ သီရိလင်္ကာသမ္မတ

သီရိလင်္ကာ နိုင်ငံမှာ သေဒဏ်ပေးတာ ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းလိုက်တဲ့ အတွက် လစ်လပ်နေတဲ့ ကြိုးသမားရာထူးကို ကြော်ငြာခေါ်မယ်လို့ အာဏာပိုငင်တွေက ဆိုပါတယ်။

၁၉၇၆ နောက်ပိုင်း သီရိလင်္ကာမှာ သေဒဏ်မပေးဘဲ ထားခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေး ကူးသန်းရောင်းဝယ်သူတွေကို ထောင်တသက်ပြစ်ဒဏ်အစား သေဒဏ်ပေးမယ် ဆိုပြီး သမ္မတ သီရိသေနက မနေ့က ကြေညာခဲ့ပါတယ်။