တရုတ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေ အန်စီအေ မထိုးနိုင်သေးမှုအပေါ် နားလည်မှုပေးသင့်

Image caption SSPP အဖွဲ့နဲ့ သမ္မတ ဦးဝင်းမြင့် နေပြည်တော်တွင် တွေ့ဆုံစဉ်

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အန်စီအေ အပစ်ရပ်ဖို့ တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘာကြောင့် အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်မှု မရှိသေးသလဲဆိုတာကို နားလည်သင့်တယ်လို့ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဒုတိယ ဥက္ကဌ စဝ်ခွန်ဆိုင်က ပြောပါတယ်။

တရုတ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို လက်မှတ်ထိုးဖို့ တွန်းအားပေးနေတာဟာ တရုတ်ရဲ့ အပိုင်းသာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ပကတိ အခြေအနေတွေကို ဂဃနဏ တရုတ်က မသိပါဘူး လို့ နေပြည်တော် ၂၁ ပင်လုံ ဖွင့်ပွဲ အခမ်းအနားကို လာတက်တဲ့ စဝ်ခွန်ဆိုင်က ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့ စီးပွားရေးကောင်းဖို့ဆိုရင် သူ့တိုင်းပြည်မှာတင်မက အိမ်နီးနားချင်းနိုင်ငံမှာပါ ငြိမ်းချမ်းဖို့လိုတယ်ဆိုတဲ့ အကဲခတ်တွေရဲ့ တရုတ်မူဝါဒ ရေးရာအပေါ် အကဲဖြတ်ချက်တွေကို စဝ်ခွန်ဆိုင်က ကိုးကားပြီး ငြိမ်းချမ်းရေးအပေါ် ကူညီမှုတွေဟာ နှောင်ကြိုးမဲ့ဖို့ လိုသလို ဒီယုန်မြင်လို့ဒီခြုံထွင်တာမျိုး မဖြစ်ဖို့လိုတယ်လို့လည်း ပြောဆိုပါတယ်။

အဓိကခေါင်းဆောင်တွေ ပိုအနီးကပ် ဆောင်ရွက်ရင် အောင်မြင်မယ်လို့ဒေါ်စုပြော

အဖွဲ့တွေများတော့ အချိန်ကြာတယ်လို့ ဒေါ်စုဆို

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကတော့ မြန်မာ့ငြိမ်းချမ်းရေးဟာ တရုတ်ရဲ့ မဟာဗျူဟာ စီးပွားရေးစင်္ကြန် စီမံကိန်းဖြစ်တဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း BRI သာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။

တရုတ်မြန်မာနယ်စပ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင်တွေကို အန်စီအေ များမကြာမှီ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ တရုတ်က တိုက်တွန်းနေတယ်လို့ တရုတ်သံအမတ်က နေပြည်တော်မှာ သတင်းမီဒီယာတွေကို ပြောဆိုထားတာပါ။

ဒါပေမယ့် တရုတ်မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေးကော မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ပါ သူတို့ စေတနာထားဆောင်ရွက်နေတာကို ကျွန်တော်တို့အနေနဲ့လည်း အသိအမှတ်ပြုပါတယ် ဒါပေမယ့် ဘာကြောင့်ငြိမ်းချမ်းရေး မရသေးလဲဆိုတဲ့ အကြောင်းတရားကို ရှာဖို့ လိုတယ်လို့ စဝ်ခွန်ဆိုင်ကပြောပါတယ်။

တရုတ်မြန်မာငြိမ်းချမ်းစွာ အတူယှာဉ်တွဲရေးမူနဲ့အတူ တိုင်းရင်းသားတွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ သဘောတူထားတဲ့ ပင်လုံမူကို အကောင်ထည်ဖော်နိုင်မှုကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်နိုင်မယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီဘက်က ပြောပါတယ်။

အတိတ်ကာလမှာကတော့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ကောင်းမွန်လာခဲ့တဲ့ ၁၉၈၉ လောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီး ပေါ်ပေါက်လာခဲ့တဲ့ အဖွဲ့တွေဖြစ်တဲ့ ဝ တပ်ဖွဲ့ ၊ မိုင်းလား NDAA ၊ ကိုးကန့် MNDAA အဖွဲ့တို့ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ဖူးပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မဟာမိတ်ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဟာလည်း သူ့မဟာမိတ်တွေနဲ့အတူ အဲဒီတုန်းက စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့တာပါ။

အဲဒီလို အခြေအနေမျိုး ပြန်မဖြစ်လာနိုင်ဘူးလားဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကိုတော့ ' ဘယ်သူမဆိုပေါင်းကြတယ်ဆိုတာ သူ့အကျိုးကိုယ့်အကျိုးကြည့်ဖို့လိုသလို ရိုးသားကြဖို့လိုတယ် တိုင်းရင်းသားတွေ ဗမာပြည်မနဲ့ ပေါင်းပြီး သာတူညီမျှရှိတဲ့ အိမ်ကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တဲ့ သမိုင်းကို မမေ့ဖို့လိုတယ်။ ' လို့လည်း စဝ်ခွန်ဆိုင်က ပြောပါတယ်။

အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ လတ်တလော နေပြည်တော် ခရီးစဉ် ပေါ်ပေါက်လာရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့တာပါ။

နေပြည်တော် ခရီးစဉ်အတွင်း အစိုးရ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရခဲ့ပေမယ့် အပစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး တန်းတူညီမျှပါဝင်နိုင်ရေးကိစ္စက သဘောတူညီချက် ရယူနိုင်တာ မရှိသေးဘူးလို့လည်း စဝ်ခွန်ဆိုင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ