ဗိုလ်ချုပ်ရုပ်တု ထားသင့်မထားသင့် စစ်တမ်းကောက်

ဓာတ်ပုံ မူပိုင် karenni thu
Image caption ဇူလိုင်လ၃ရက်နေ့မှာတော့ ကရင်နီလူငယ်တွေ စုစည်းပြီး ကန့်ကွက်ဆန္ဒပြ

ကယားပြည်နယ် လွိုင်ကော်မြို့က ကန္တာဟေဝန် ပန်းခြံအတွင်းမှာ ထားရှိဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့် အစီအစဉ်နဲ့ ပတ်သတ်လို့ ကယား(ကရင်နီ) အခြေစိုက် လူမှု အဖွဲ့အစည်း ၁၁ဖွဲ့က လူထု သဘောထား ကောက်ခံနေပါတယ်။

ဒီစစ်တမ်းကို ဇူလိုင် ၁၃ရက်နေ့က စတင် ကောက်ခံနေတာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၂၀ရက်နေ့အထိ ကောက်ခံသွားမယ်လို့ လက်မှတ်ကောက်ခံမှုမှာ လှုပ်ရှားနေသူ ခွန်ဘားနတ်ဒ်က ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချုပ် ကြေးရုပ် တည်မယ်ဆိုတာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် ဌာနေတိုင်းရင်းသားတွေကိုလည်း တိုင်ပင်တာတွေ မရှိခဲ့ကြောင်း၊ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်ဝိသေသနဲ့လေးစားရတဲ့ ခေါင်းဆောင်တွေရှိတဲ့ အတွက် သူတို့ကို အရင်ဆုံး ဦးစားပေး ပြန်ဖော်ဆောင် ပေးစေချင်တယ်လို့ ခွန်ဘားနတ်ဒ်က ဆိုပါတယ်။

ကယားပြည်နယ် အစိုးရဘက်ကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဒီကိစ္စနဲ့ ပတ်သတ်လို့ ဗိုလ်ချုပ်ကြေးရုပ် ထားဖို့ ထောက်ခံသူတွေရဲ့ လက်မှတ်ကို ကောက်ခံထားပါတယ်။

ဗိုလ်ချုပ်ရုပ်တုဆန္ဒပြသူတွေကို ရဲတားဆီး

ကချင်လိုဘဲ မွန်မှာလဲ ဗိုလ်ချုပ်ကြေးရုပ် နေရာအတွက် အငြင်းပွား

ဇူလိုင်လ ၇ ရက်နေ့က ကန့်ကွက်သူ ကရင်နီလူငယ်တွေနဲ့ အစိုးရနဲ့ တွေ့ချိန်မှာ ပြည်နယ် ဝန်ကြီးချုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားထားတာဖြစ်ပြီး မြို့နယ် တချို့မှာ ကောက်ခံနေတာတွေရှိတယ်လို့ ခွန်ဘားနတ်ဒ်က ပြောပါတယ်။

အခုအချိန်မှာတော့ ကယား (ကရင်နီ) အခြေစိုက် လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ နီးစပ်ရာ လူထုကို လက်မှတ်လိုက်ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ်မှာ ဒီလို ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ်ဆိုတဲ့ အစီအစဉ် စစချင်းမှာပဲ ပြန်လည်သုံးသပ်ပြီး အစီအစဉ်ရပ်ဆိုင်းဖို့ ကယား(ကရင်နီ) အခြေစိုက် လူမှုအဖွဲ့အစည်းတွေက ကယားပြည်နယ် အစိုးရဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ဇူလိုင်လ၃ရက်နေ့မှာတော့ ကရင်နီလူငယ်တွေ စုစည်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ ဆန္ဒပြသူ လူငယ်တဦးကို နာရီအနည်းငယ် အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒါ့အပြင် ကရင်နီသမိုင်းနဲ့ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ကြောင်း စာဖြန့်ဝေသူ လေးဦးကို ဇူလိုင်လ ၁၁ရက်နေ့မှာတော့ ဒီမော့ဆို မြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) (ဂ) နဲပ တရားစွဲဆိုခဲ့ပြီး အာမခံ မယူခဲ့တာကြောင့် အဆိုပါ လူငယ်တွေကို လွိုင်ကော်အကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ