၂၁ ပင်လုံမှာ အဆိုပြုချက်အားလုံး သဘောတူညီမှုရ

ဓာတ်ပုံ မူပိုင် ၂၁ ပင်လုံညီလာခံ ဖေ့ဘုတ်
Image caption UPDJC အစည်းအဝေး

၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးနေကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စတဲ့ ကဏ္ဍကြီး ၄ ခုလုံးက အချက် ၁၄ ချက်လုံးကို သဘောတူညီမှု ရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း လက်ရှိ ညီလာခံမှာ ဆွေးနွေးနေတဲ့ နိုင်ငံရေး ကဏ္ဍက အချက် ၂ ချက်နဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍက ၂ ချက်ဟာ ကိုယ်စားလှယ်တွေကြား သဘောတူညီမှု မရခဲ့တဲ့အတွက် ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ကျင်းပခဲ့ရပါတယ်။

UPDJC အစည်းအဝေးမှာမှ မပြေမလည်ဖြစ်နေတဲ့ အချက် ၄ ချက်လုံးကို သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့တွေများတော့ အချိန်ကြာတယ်လို့ ဒေါ်စုဆို

တရုတ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေ အန်စီအေ မထိုးနိုင်သေးမှုအပေါ် နားလည်မှုပေးသင့်

မြောက်ပိုင်းငြိမ်းချမ်းရေးနဲ့ တရုတ်သံတမန်

ကိုယ်စားလှယ်တွေကြား အကြိတ်အနယ် ဆွေးနွေးခဲ့ရတယ်ဆိုတဲ့ နိုင်ငံရေး ကဏ္ဍမှာ ကျားမတန်းတူ ညီမျှရေး ခေါင်းစဉ်တစ်ခုကိုသာ ဒီတခေါက် ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အဲဒီ့ခေါင်းစဉ်အောက်က ခေါင်းစဉ်ခွဲ နှစ်ခုမှာ ဒီမိုကရေစီ စနစ်ကို အခြေခံသော ပြည်ထောင်စု ဆိုတဲ့ စကားရပ်နေရာမှာ တပ်မတော်ဘက်က ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ဆိုတဲ့ စာသားကို ထည့်ချင်တာကြောင့် မပြေမလည် ဖြစ်ခဲ့ကြပါတယ်။

UPDJC အစည်းအဝေးအပြီးမှာတော့ ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုတဲ့ စာသားကို ပြင်ဆင် ဖြည့်စွက်ပြီး အတည်ပြုခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် ၂၁ ပင်လုံညီလာခံ ဖေ့ဘုတ်
Image caption ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ထည့်ခြင်း မထည့်ခြင်းနဲ့ ပတ်သက်လို့ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတယ်ဆိုပေမယ့် ဒီအချက်တွေဟာ နိုင်ငံရေးအရတော့ အရေးပါတဲ့ အချက်တွေတော့ မဟုတ်ပါဘူး။

နိုင်ငံရေးအရ အရေးပါတဲ့ အချက်တွေကို ပြီးခဲ့တဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ သဘောမတူနိုင်ပဲ ကျန်ရှိနေသေးတဲ့ အချက်တွေ ရှိသလို တတိယအကြိမ် အစည်းအဝေးမှာလည်း သဘောမတူနိုင်လို့ ချန်ထားခဲ့ရတဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ကျန်ရှိနေပါသေးတယ်။

ဒီအချက်တွေအားလုံး နောက်တခေါက် ကျင်းပမယ့် ညီလာခံမှာ သဘောတူညီမှု ရလိမ့်မယ်လို့ မျှော်လင့်မိတဲ့အကြောင်း UPDJC ဒုတိယ ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း လက်ရှိဆွေးနွေးနေတဲ့ ပုံစံနဲ့ ရှေ့ဆက်ဆွေးနွေးသွားမယ်ဆိုရင် သဘောတူညီမှု ရရှိဖို့ ခက်ခဲနိုင်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခုလုံးကို ပြင်ဆင်ဖို့ ပြန်လည် သုံးသပ်သင့်တယ်လို့ ကိုယ်စားလှယ်တချို့ရဲ့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကနေ နိုင်ငံရေး ကဏ္ဍက ရရှိခဲ့တဲ့ အချက် ၄ ချက် ၊ စီးပွားရေးမှာ အဆိုပြချက် ၁ ချက်၊ လူမှုရေးက ၇ ချက်၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍမှာ ၂ ချက် စုစုပေါင်း ၁၄ ချက်လုံးကို ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၂ ဆိုပြီး အစိုးရ၊ တိုင်းရင်းသားနဲ့ တပ်မတော်ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ