သမ္မတ ပူတင်နဲ့တွေ့ဆုံမှုကနေ သတင်းကောင်းရဖို့ ထရမ့်မျှော်လင့်

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့တွေ့ဆုံဖို့အတွက် စကော့တလန် ကနေ ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီ မြို့တော် ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ထရမ့် ဟာ သူ့ ကို ဆန္ဒပြသူတွေ နဲ့ ထပ်ကြုံရပြန်ပါတယ်။

ဖင်လန် ပြည်သူတွေ ဘက် ကလည်း တနင်္လာနေ့ မှာ သမ္မတထရမ့်နဲ့ ရုရှား သမ္မတ ပူတင် တို့ ရဲ့ ထိပ်သီး အစည်းအဝေး ကို ဟဲလ်ဆင်ကီ မှာ ပြုလုပ်တာကို ဆန့်ကျင်ရင်း လူ့အခွင့်အရေး လေးစား ဖို့ နဲ့ သတင်း လွတ်လပ်ခွင့် ပေးရေး စတာတွေ ကို စာတန်းတွေ ကိုင်ဆောင်ပြီး အော်ဟစ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်ကြီး နှစ်ဦး တွေ့တဲ့ အခါမှာလည်း စကားပြန် တွေ က လွဲလို့ သူတို့နှစ်ဦးပဲ သီးသန့် ဆွေးနွေးကြဖွယ် ရှိပါတယ်။

တကယ်တော့ သူတို့ နှစ်ဦး ကြားမှာ ဆွေးနွေးစရာ တွေ အများကြီး ရှိနေပါတယ်။

အထူးသဖြင့် ရုရှား နဲ့ အမေရိကန် အကြားမှာ သဘောထား ကွဲပြားနေတဲ့ အချက်တွေထဲမှာ ယူကရိန်းအရေး၊ ဆီးရီးယား နဲ့ အီရန် စတာတွေ ပါဝင်သလို နှစ်ဖက်စလုံး အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ နျူကလီယား လက်နက်တွေ တွေ အကြောင်းလည်း ရှိပါတယ်။

ပိုပြီး အရေးကြီးတာ ကတော့ အခုအချိန်လို နှစ်နိုင်ငံ ဆက်ဆံရေး သွေးအေးနေတဲ့ ကာလ ကနေ ဘယ်လို ချောမွေ့အောင် လုပ်ကြမယ် ဆိုတာ ဖြစ်ပါတယ်။

ထရမ့်နဲ့ ပူတင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့

ရုရှားကို နှစ်၂၀ အုပ်ချုပ်ခဲ့တဲ့ ပူတင် ရွေးကောက်ပွဲ ထပ်နိုင်ပြန်ပြီ

မြောက်ကိုရီးယားကို ငွေရှာပေးသူတွေ မောင်းထုတ်ခဲ့မှု မြန်မာကို ထရမ့် ကျေးဇူးတင်

ဒါကြောင့်လည်း သမ္မတ ထရမ့်ဟာ ဒီထိပ်သီးဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ သမ္မတထရမ့် က CBS ရုပ်သံ နဲ့ တွေ့ဆုံမေးမြန်းခန်း မှာတော့ ဒီဆွေးနွေးပွဲ ကနေ ဆိုးဆိုးဝါးဝါး ထွက်ပေါ်လာစရာ မရှိပါဘူး လို့ ပြောပါတယ်။

သူ့အနေနဲ့ ဒီဆွေးနွေးပွဲကနေ မျှော်လင့်ချက် ကြီးကြီးမားမား ထားမှာမဟုတ်ပေမယ့် ကောင်းမွန်တဲ့ ရလဒ်ရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရုရှားဘက်ကတော့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲကနေ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ မျှော်လင့်မိတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတ ပူတင်

သမ္မတထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန် ကလည်း ခေါင်းဆောင် နှစ်ဦးရဲ့ ဆွေးနွေးပွဲ ကို ကြိုတင် အစီအစဉ် ဆွဲထားခြင်း လုံးဝ မရှိဘူး လို့ ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့ ကပဲ အမေရိကန် လက်ထောက်ရှေ့နေချုပ် က ရုရှား ထောက်လှမ်းရေး ၁၂ဦး ကို ၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲတုန်း က ကြားဝင် နှောင့်ယှက်တဲ့ မသင်္ကာဖွယ် စွဲချက် တင်ထားပါတယ်။

သူတို့ကို အမှု ရင်ဆိုင်ဖို့ အမေရိကန် ကို လွှဲပေးရေး ကို သမ္မတပူတင် ကို ပြောမှာလား ဆိုတဲ့ CBS ရုပ်သံ က မေးရာမှာ သမ္မတထရမ့် က အမေရိကန်နဲ့ ရုရှား အကြားမှာ တရားခံ လွှဲပြောင်းတဲ့ သဘောတူညီချက် မရှိကြောင်း၊ ဒီအကြောင်း ကို မေးဖြစ်ရင်လည်း မေးကြည့်မယ် လို့ ဖြေခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ပူတင်နဲ့တွေ့တဲ့အခါ မေးဖို့ အမေရိကန် လွှတ်တော်အမတ်တချို့ကလည်း လိုလားနေသလို သမ္မတ ထရမ့်ကလည်း ဒီအကြောင်း အသားပေး ဆွေးနွေးသွားဖွယ် ရှိတယ်လို့ ပြောထားပါတယ်။