ဇူလိုင်လ ၁၈ရက်နေ့ မနက်ပိုင်း ဖတ်စရာသတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ခက်ခဲ

(၁) ထမ့်လွန်ဂူထဲကနေ လွတ်မြောက်လာတဲ့ ထိုင်းကလေးငယ်တွေ ချင်းရိုင်မှာ သတင်းစာရှင်းမယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ထမ့်လွန်ဂူထဲမှာ ပိတ်မိခဲ့တဲ့ ထိုင်းကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးအသင်းနည်းပြတွေ ဆေးရုံမှာရက်အတန်ကြာ တင်ခဲ့ရပြီး ဒီနေ့မှာတော့ မီဒီယာတွေနဲ့ တွေ့ဆုံပြီး အမေးအဖြေတွေလည်း ပြုလုပ်သွားမယ်လို့ ထိုင်းအာဏာပိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ဂူထဲက ပြန်ထွက်လာပြီးနောက် မီဒီယာနဲ့ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။ ဂူထဲမှာ ဘယ်လိုအသက်ရှင်အောင်နေထိုင်ခဲ့ရသလဲဆိုတဲ့အတွေ့အကြုံကို မီဒီယာကိုလည်း ရှင်းလင်းပြောပြသွားမယ်လို့သိရတယ်။ မကြာခင်မှာ ဒီကလေးတွေ ဆေးရုံကနေ ဆင်းရတော့မယ်လို့ သိရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သတင်းယူဖို့ မီဒီယာအဖွဲ့အစည်းတွေလည်း သွားရောင်စောင့်ဆိုင်းနေတယ်လို့ ချင်းရိုင်ရောက်သတင်းထောက်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAI KYAW NYUNT FACEBOOK
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်

(၂) ၂၁ ရာစု ပင်လုံညီလာခံအထိ ရောက်ဖို့ ဆွေးနွေးပွဲ အဆင့်တွေသိပ်များလွန်းနေတယ်။

၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံကို တတိယ အစည်းအဝေးမှာ ပြည်ထောင်စု အဆင့် သဘောတူမှု ၁၄ ချက် ထပ်မံရရှိ ခဲ့ပေမယ့် နိုင်ငံရေးကဏ္ဍ မှာ ကျား-မ တန်းတူရေး ခေါင်းစဉ် အောက်မှာပဲ ဆွေးနွေး ခဲ့ကြပြီး လုံခြုံရေး ကဏ္ဍကို မဆွေးနွေးပဲ ထားရှိခဲ့ပါတယ်။

ဆွေးနွေးပွဲက အဆင့်တွေ သိပ်များပြီး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တက်လာဖို့ကလည်း လူထု တွေ့ဆုံပွဲ မှာဘဲ တန့်နေကြောင်း ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆီ တက်လှမ်းဖို့ ဆိုရင် လုပ်ငန်း ကော်မတီ ဆီကို တင်ရသေးတဲ့ အပြင် အဲဒီနောက် UPDJC ကို သွားပြီးမှ ပင်လုံ ညီလာခံ ကို ရောက်တယ် ဆိုတော့ အဆင့်တွေက အတော်ကြီးကို များနေတယ်လို့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက စိုင်းကျော်ညွန့် က ပြောပါတယ်။

Image caption ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘီဘီစီက တွေ့ဆုံမေးမြန်း

(၃) ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ နောက်ထပ် သုံးနှစ်တာသက်တမ်းတွင်း ဘာတွေ လုပ်ဆောင်မလဲ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘီဘီစီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခန်းမှာတော့ NLD အစိုးရတက်လာပြီး နှစ်နှစ်တာ ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးမှာ အဆောက်အအုံ ၊ လမ်းတံတား၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးချဲ့လာပေမယ့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အားကောင်းဖို့ လိုအပ်နေသေးတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘီဘီစီနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

၂ နှစ်တာအတွင်းပေးထားတဲ့ကတိတွေကိုလုပ်ဆောင်ခဲ့ပြီး တချို့အစီအစဉ်တွေကိုတော့ ရေရှည်လုပ်ဆောင်ရတာဖြစ်တဲ့အတွက် အချိန်ယူဆောက်ရွက်သွားရမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုအပိုင်းမှာ အားနည်းနေပြီး ပြည်ပကတင်သွင်းလာတဲ့ကုန်တွေကိုပဲ အများဆုံးအသုံးပြုနေရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒီအတွက်ပြည်တွင်းကကုန်တွေကို နိုင်ငံတကာအဆင့်မီပြီး ပြည်ပအထိတင်ပို့နိုင်အောင် လုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းက ရာဇဝတ်မှု၊ မြို့ပြစီမံခန့်ခွဲမှု ပြဿနာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခန်းမှာ ဦးဖြိုးမင်းသိန်း ပြောပြထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ