တနင်္သာရီမြစ်ရေကြီးလို့ ကျောင်းသုံးဆယ်ပိတ်ထားရ

ဓာတ်ပုံ မူပိုင် U Ye Myint swe facebook
Image caption တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ မိုးအဆက်မပြတ်ရွာနေတာကြောင့် ငါးနှစ်ကျော်မှာ ပြန်လည်ရေကြီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ မိုးအဆက်မပြတ်ရွာနေတာကြောင့် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး နေအိမ်တချို့ နစ်မြုပ်နေပါတယ်။

တောင်ကျရေတွေကျနေတာကြောင့် တနင်္သာရီမြစ်ရေ လျှံတက်ပြီးတော့ လူနေအိမ်ခြေ အတော်များများ ရေနစ်မြုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးရေလျှံတာတွေကြောင့် ကျောင်းသူကျောင်းသားတွေရဲ့ အန္တရာယ်မဖြစ်ဖို့ အခြေခံပညာကျောင်း ၃၀ ကို ဇူလိုင်လ ၁၇ ရက်နေ့က စပြီးပိတ်ထားရပါတယ်။ အစားထိုးရက်အဖြစ် စနေ၊ တနင်္ဂနွေနဲ့ အဖိတ်နေ့ ကျောင်းပိတ်ရက် တွေမှာ ပြန်တက်ဖို့ ကြေညာထားတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ်နားကို ရောက်နေပြီးတော့ မြို့ပေါ်ရပ်ကွက်တွေက အိမ်ထောင်စု ၃၀ လောက်မှာ ရေတွေဝင်နေပါတယ်။

ဓာတ်ပုံ မူပိုင် U Ye Myint swe facebook
Image caption ကျေးရွာအုပ်စုပေါင်း ၁၇၆ ရွာရှိပြီး ကျေးရွာသုံးဆယ်ကျော်မှာ ရေကြီးနစ်မြုပ်

တနင်္သာရီမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ၁၇၆ ရွာရှိပြီး ကျေးရွာသုံးဆယ်ကျော်မှာ ရေကြီးနစ်မြုပ်နေပါတယ်။ ရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ဖွင့်လှစ်ထားပြီးတော့ မြို့ပေါ်မှာတော့ ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်လှစ်ထားပါတယ်။

တနင်္သာရီမှာ ရေကြီးနစ်မြုပ်မှုမဖြစ်တာဟာ ငါးနှစ်ကြာပြီဖြစ်ပြီး နောက်ဆုံးရေကြီးခဲ့တာကတော့ ၂၀၁၃ ခုနှစ်မှာဖြစ်တယ်လို့ ဦးရဲမြင့်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ