သီဟတင်စိုး မုဒိမ်းမှု တိုင်ကြားချက် မှန်ကန်မှုမရှိကြောင်း ရဲထုတ်ပြန်

ဓာတ်ပုံ မူပိုင် Yangon Police Facebook
Image caption ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညို

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကို မုဒိမ်းမှုနဲ့တိုင်ကြားချက်ဟာ မှန်ကန်မှု မရှိဘူးလို့ မှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့အရေးယူ ပေးဖို့ တိုင်တန်း တဲ့အမှုနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဆောင်ရွက်ခဲ့ရာ တိုင်တန်းတဲ့ အမှုမှာမှန်ကန်မှု မရှိကြောင်း သိရှိရတယ်လို့ ရဲတွေရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အမှုမှန်ဖော်ထုတ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနကရဲတပ်ဖွဲ့ဝင်တွေ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အထူးအမှုစစ်အဖွဲ့ဖွဲ့ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ဖေ့ဘုတ်တွေပေါ်မှာ စိတ်ဝင်စားမှု များပြားခဲ့ပြီး တိုင်ကြားသူ ဒေါ်ခင်မာမြင့်နဲ့ ပတ်သက်တဲ့ အရင်က အကြောင်းအရာတွေကို သိသူတချို့က ရေးသားဖော်ပြခဲ့ပါတယ်။

တိုင်ကြားသူ ဒေါ်ခင်မာမြင့်ဟာ လွန်ခဲ့တဲ့ လေးနှစ်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီး မိသားစု စားဝတ်နေရေး အဆင်မပြေဖြစ်တာကြောင့် အိမ်အကူလုပ်ဖို့ ပွဲစားဖြစ်သူ ဒေါ်ညိုနဲ့ သီဟတင်စိုးတို့ အိမ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်မှာ သီဟတင်စိုးတို့အိမ်မရောက်ခင် ဒေါ်ညိုနဲ့ အိမ်အကူလုပ်တဲ့အိမ်က အမျိုးသားတွေကို မုဒိမ်းမှုဖြစ်အောင် အမှုလုပ်ပြီး ငွေကြေးညှိနှိုင်း ခွဲဝေမယ်ဆို တိုင်ပင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအိမ်မတိုင်မှီ တခြားအိမ်တွေမှာလည်း အိမ်အကူလုပ်ကိုင်ခဲ့ပြီး ပဲခူးဈေးအနီးက နောက်ဆုံးလုပ်ခဲ့တဲ့ အိမ်မှာအလုပ်လုပ်သူကို မုဒိမ်းမှုနဲ့ ပဲခူးအမှတ်(၃) ရဲစခန်းမှာ တိုင်ကြားထားပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဇနီးဖြစ်သူဒေါ်ဇင်မာဦး မရှိခိုက် သရုပ်ဆောင်သီဟတင်စိုးက သားမယားပြုကျင့်တယ်ဆိုတာ လိမ်ညာပြောဆိုပြီး နစ်နာမှုအတွက် ငွေ သိန်းတရာ တောင်းခံပေမယ့် သဘောတူညီချက် မရတာကြောင့် အခုလို အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ