တောဝက် ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ သူတို့ နည်းပြ အိမ်ပြန်

ဓာတ်ပုံ မူပိုင် EPA
Image caption ကံကောင်းလွန်းလို့ ရေငုပ်သမားတွေက ရှာတွေတာလို့ ထိုင်းကလေးတွေပြော

ထမ့်လွန် ဂူ ထဲမှာ ပိတ်မိနေတဲ့ ထိုင်း လူငယ်လေးတွေဟာ ဇူလိုင် လ ၁၈ ရက်နေ့မှာ အိမ်ပြန်ခွင့် ရခဲ့ပါပြီ။ အဲဒီ မတိုင်ခင် သတင်းဌာန တွေနဲ့ တွေ့ဆုံခဲ့ရာ မှာ သူတို့ အနေနဲ့ အံ့ဩဖွယ် ကောင်းတဲ့ ကံကောင်း ထောက်မ မှုကြောင့် ရေငုပ် သမားတွေက ရှာတွေ့ ခဲ့တာ ဖြစ်တယ်လို့ ကလေးတွေက ဆိုပါတယ်။

အသက် ၁၄ နှစ်ရှိပြီ ဖြစ်တဲ့ အအူ ဆမ် အွန် က အဲဒီ အဖွဲ့ ထဲက အင်္ဂလိပ် စကား ပြော နိုင်တဲ့ အဖွဲ့ဝင် တစ်ယောက်ပါ။ ဗြိတိန် ရေငုပ် သမား တွေ ပေါ် လာတော့ ဟယ်လို ဆိုတဲ့ စကား တစ်ခွန်း ကိုပဲ ပြောနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ချင်းရုံ ခရိုင် ဆေးရုံ ကနေဆင်း နိုင်ပြီး အိမ်ကို ပြန်နိုင်ကြပါ ပြီ။ သတင်းစာ ရှင်းလင်းပွဲလုပ်တော့ တောဝက် ဘောလုံး အသင်း ဝတ်စုံတွေ ဝတ်ဆင် ထားကြပြီး ဆံပင်တွေ လည်း ညှပ်ထား ကြပါတယ်။

သူတို့ နဲ့ အတူ ကယ်ဆယ်ရေး လုပ်ခဲ့ကြတဲ့ ထိုင်း တော်ဝင် ရေတပ်က ရေငုပ်သမားတွေလည်း ပါဝင် ကြပါတယ်။ ကျောက်ဂူထဲမှာ ရေသောက်ပြီး နေခဲ့ရကြောင်း နဲ့ ဘာအစာမှ မပါဘူးလို့လည်း သူတို့ အုပ်စုထဲ က တစ်ယောက်က ဆိုပါတယ်။

တဒင်္ဂ ကံကောင်း ထောက်မမှုကြောင့်သာ သူတို့ ကို ရေငုပ် သမားတွေ က ရှာတွေ့ခဲ့ တာ လို့ ကလေး တစ်ယောက် က ဆိုပါတယ်။ တုန်လှုပ်ချောက်ခြား ဖွယ် အတွေ့အကြုံ အရ သူတို့ ဟာ ရှေ့လျှောက် ပိုမို ဂရုစိုက် နေထိုင် သွား မယ်ဆိုပြီးတော့လည်း ပြောဆို ခဲ့ပါတယ်။

ပိတ်မိနေတဲ့ အချိန်မှာ စိတ်ရှည်ဖို့ နဲ့ ကြံ့ခိုင် သန်စွမ်း အောင် ဘယ်လို နေထိုင် ရမလဲ ဆိုတာ ကို ပါ နားလည် လက်ခံ တတ်အောင် ကြိုးစား နေထိုင် ခဲ့ရပြီး ဒါကို ဘဝ အတွက် သင်ခန်းစာ ယူရမယ်လို့ ပြောဆို ခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ သူတို့ကို ဂူထဲကနေ ကူညီ ကယ်ထုတ်ခဲ့တဲ့ ဗြိတိသျှ ရေငုပ်သမားတဦးကို စော်ကား ပြောဆိုခဲ့တဲ့ Tesla ကားကုမ္ပဏီရဲ့ အမှုဆောင် အကြီးအကဲ Elon Musk က သူပြောခဲ့တာကို ပြန်လည် တောင်းပန်လိုက်ပါတယ်။

ကလေးတွေကို ကယ်ဖို့ ရေငုပ်သင်္ဘော အသေးစားတခု သုံးဖို့ Elon Musk ရဲ့ အစီအစဉ်ကို ရေငုပ်သမား Vern Unsworth က ပယ်ချခဲ့အပြီး မစ္စတာ Unsworth ဟာ ကလေးတွေကို မဟုတ်တရုတ် လုပ်သူတဦး ဆိုပြီး မစ္စတာ Musk က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖေါ်ပြခဲ့ပါတယ်။

မစ္စတာ Muskကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ မစ္စတာ Unsworth က ပြောခဲ့အပြီး တနင်္လာနေ့က Tesla ကားကုမ္ပဏီရဲ့ အစုရှယ်ယာတွေ ၃ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။

ဓာတ်ပုံ မူပိုင် REUTERS
Image caption ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ခက်ခဲ

မကြာသေးခင်က ထမ့်လွန်ဂူအပြင်ပြန်ရောက်လာတဲ့ တောဝက်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ နည်းပြက ဒီနေ့ဇူလိုင် ၁၈ ရက်နေ့မှာ ဆေးရုံကဆင်းပြီး တစ်လနီးပါးခွဲခွာခဲ့ရတဲ့ အိမ်ကမိသားစုတွေနဲ့ပြန်လည်ဆုံစည်းကြရတော့မယ်လို့ ချင်းရိုင်မြို့မှာ သတင်းသွားယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

တောဝက်အသင်းသားနဲ့နည်းပြတွေဟာ ဂူထဲမှာ ၁၈ ရက်ကြာပိတ်မိခဲ့တဲ့အပြင် ဂူအပြင်ပြန် ရောက်ပြီးနောက် ရက်အတန်ကြာချင်းရိုင်ဆေးရုံမှာ ဆေးကုသမှုခံ ယူခဲ့ကြပါတယ်။

သူတို့ကို မီဒီယာတွေနဲ့ ၄၅ မိနစ် တွေ့ဆုံပြီး အမေးအဖြေလုပ်ဖို့ ထိုင်းအာဏာပိုင် တွေက စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေကောင်းရင် ဒီထက် အချိန်ပိုကြာတဲ့ တွေ့ဆုံမေးခွင့် မီဒီယာတွေကို ပေးမယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောကြောင်း အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ကလေးတွေကိုတွေ့ဆုံမေးမြန်းရာမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်စေမယ့်မေးခွန်းမျိုးတွေလည်းတားမြစ်ထားတယ်လို့ ချင်းရိုင်မှာရောက်နေတဲ့ သတင်းထောင်တွေက ပြောပါတယ်။ မေးခွန်းတွေကိုလည်း သေချာစီစစ်ပြီးမှ ကလေးကိုဖြေခိုင်းမယ်လို့ ချင်းရိုင်ခရိုင် တာဝန်ရှိသူ က ထုတ်ပြန်ထားပါတယ်။

တောဝက်ဘောလုံးအသင်းသားနဲ့နည်းပြတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း မှာ ရှိတဲ့ မယ်ဆိုင်မြို့က ထမ့်လွန်ဂူထဲမှာ နှစ်ပတ်ကျော်ပိတ်မိ နေခဲ့ကြတာပါ။

Image caption မီဒီယာနဲ့ ပထမဦးဆုံးအကြိမ်တွေ့ ဆုံတာဖြစ်

သူတို့တွေကို ပြီးခဲ့တဲ့အပတ်က ကယ်ထုတ် နိုင်ခဲ့ပြီး ချင်းရိုင် ခရိုင် ဆေးရုံကို တင်ပို့ ကုသထား ခဲ့ရတာပါ။ ဂူထဲထွက်လာပြီးနောက် မီဒီယာနဲ့ ပထမဦးဆုံးအကြိမ်တွေ့ ဆုံတာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်မယ့်နေရာကို မီဒီယာဖွဲ့တော်တော်များများက မနေ့ညကတည်း နေရာယူစောင့်နေကြတယ်လို့ သိရပါတယ်။

တချိန်ထဲမှာပဲ တောဝက်ဘောလုံးအသင်းရဲ့အကူနည်းပြဖြစ်တဲ့ မြန်မာနိုင်ငံက ရှမ်းလူမျိုး အေကဖွန်း ချာသာဝုန်း နဲ့ အသင်းသားနှစ်ယောက်ကို ထိုင်းအဏာပိုင်တွေက သူတို့ကို ထိုင်းနိုင်ငံသားမှတ်ပုံတင်ပေးဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

နည်းပြ အေကဖွန်းနဲ့ ထိုင်းနိုင်ငံသားမဖြစ်သေးတဲ့ ဝ တိုင်းရင်းသား အိုက်လူး ခေါ် အိုက်ဒွန်း နဲ့ အဖေါ်တစ်ယောက်ကိုလည်း သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံစုံစမ်းနေတယ်လို့ နည်းပြ အေကဖွန်းနဲ့ ခင်မင်ရင်းနှီးတဲ့ မယ်ဆိုင်မြို့က ကျောင်းထိုင်ဘုန်းကြီး ဖရာခရူ ပရာယု ချဲတီယာနူကာ က ဘီဘီစီကို မိန့်ပါတယ်။

ကလေးတွေကိုဂူထဲမှာ ၁၈ ရက်ကြာ အသက်မသေပဲ နည်းပြ အေကဖွန်းက ဘယ်လိုစောင့်ရှောက်ခဲ့လဲ ဆိုတာ အများကသိချင်ကြပါတယ်။ အသက်၂၅ နှစ်အရွယ်ရှိ အေကဖွန်း ဟာ ရှမ်းပြည်နယ် တာချီလိတ်မြို့ မှာ အဖွားဖြစ်သူကို စောင့်ရှောက်ရတဲ့အတွက် တာချီလိတ်နဲ့ မယ်ဆိုင်မြို့ကို အသွားအလာ လုပ်နေရတယ်လို့ ဘုန်းကြီးက မိန့်ပါတယ်။

ဆက်စပ် အကြောင်းအရာများ