ဇူလိုင်လ ၂၄ ရက် ညချမ်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အစ္စရေးနယ်စပ်မှာ စစ်ရှိန် တိုးမြှင့်လာနေ

အစ္စရေး အသိမ်းပိုက်ခံ ဂိုလန် ကုန်းမြင့်ရဲ့ ဝေဟင်ထဲ ဝင်ရောက်လာတဲ့ ဆီးရီးယား အစိုးရ တိုက်လေယာဉ် တစင်းကို ပစ်ချ လိုက်တယ်လို့ အစ္စရေးဘက်က အတည်ပြုပါတယ်။

တမိုင်ကျော် ကျွံဝင်လာတဲ့ ရုရှားလုပ် ဆူခွိုင်း တိုက်လေယာဉ်ကို ပဲထရီးရော့ ဒုံးကျည် နှစ်စင်းနဲ့ ဟန့်တား ခဲ့တာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဆီးရီးယား တိုက်လေယာဉ်မှူး သေသလား ရှင်သလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သူပုန် ထိန်းချုပ်မြေကို လေကြောင်း စစ်ဆင်နေတဲ့ တိုက်လေယာဉ်ဟာ ဆီးရီးယားပိုင်နက်ထဲမှာပဲ ရှိနေခဲ့တာ ဖြစ်တယ်လို့ သမ္မတ အာဆတ် အစိုးရက တုံ့ပြန် ထားပါတယ်။

ဓာတ်ပုံ မူပိုင် YONHAP
Image caption အမြဲ ရန်စောင်နေတဲ့ ကိုရီးယားနယ်စပ်

မြောက်ကိုရီးယားနဲ့ နယ်စပ်မှာ အခိုင်အမာ တပ်စွဲထားတဲ့ လူအင်အား လက်နက်အင်အားတွေထဲက တချို့ကို ရုပ်သိမ်းရမလား ဆိုတာကို တောင်ကိုရီးယား ဘက်က စဉ်းစား နေပါတယ်။

နှစ်နိုင်ငံကြား စစ်မက်ကင်းစင်ဇုန်မှာ တင်းမာမှုတွေ လျော့လာတဲ့ အတွက် တပ်အင်အားကို ယာယီသဘော လျှော့ချဖို့ တောင်ကိုရီးယားက ရည်ရွယ် ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက တောင်-မြောက်ကိုရီးယား ခေါင်းဆောင်တွေ တွေ့ဆုံ ခဲ့ကြစဉ် နယ်စပ်မှာ ငြိမ်းချမ်းရေး ပိုဖြစ်ထွန်းဖို့ နှစ်ဘက် ကိုယ်စီ ကတိပြု ထားပါတယ်။

ဒီနောက်မှာလည်း နှစ်နိုင်ငံ စစ်ဘက် အဆင့်မြင့် အရာရှိတွေ ဆက်တိုက် ဆိုသလို တွေ့ဆုံပွဲတွေ လုပ်နေခဲ့ပြီး နယ်စပ်တလျှောက် တင်းမာမှု လျှော့ချရေး အတွက် ဆွေးနွေး နေခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Hkun Li
Image caption ဒုက္ခသည်စခန်းတွေ တဝိုက် တောင်ကျခေျာင်းရေကြောင့် ရေကြီး

မြန်မာနိုင်ငံထဲက တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း မိုးသည်းထန် နေတာကြောင့် ရေကြီး ရေလျှံတာတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ် လိုင်ဇာအနီးက ဂျေယန်နဲ့ ဖွန်လွန်ယန် ဒုက္ခသည်စခန်းတွေ တဝိုက် တောင်ကျခေျာင်းရေကြောင့် ရေကြီးနေပြီး စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။

ကရင်ပြည်နယ်မှာလည်း မိုးအဆက်မပြတ် ရွာနေတဲ့ အတွက် သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် အထက်ရောက်နေပြီး ထောင်နဲ့ချီတဲ့ ရေဘေးသင့်သူတွေဟာလည်း ဘေးလွတ်ရာ ခိုလှုံနေရပါတယ်။

ဓာတ်ပုံ မူပိုင် JEKESAI NJIKIZANA
Image caption ဘီအေ ငှက်ပျောသီးရောင်းနေရတဲ့ ဇင်ဘာဘွေ စီးပွားရေး

ဇင်ဘာဘွေ နိုင်ငံမှာ နောက်တစ်ပတ် တနင်္လာနေ့ ဆိုရင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အခုလို နီးကပ် နေချိန်မှာ မဲဆန္ဒရှင်တွေ အပေါ် ရန်ပြု ခြိမ်းခြောက်တာမျိုး၊ ဖိအားပေးတာမျိုးတွေ တိုးမြင့် ဖြစ်ပေါ် နေတယ် ဆိုတဲ့ တိုင်တမ်းချက်တွေ ရရှိထားပြီး၊ အခြေအနေကို အင်မတန် စိုးရိမ် မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသမီးတွေ အပေါ် သေးသိမ်အောင် စော်ကားပြောဆိုမှုတွေလည်း ရှိနေပြီး မြို့ကြီးပြကြီးနဲ့ အလှမ်းဝေးတဲ့ တောနယ်ဘက် တွေမှာဆိုရင် နိုင်ငံရေး အင်အားပြ လှည့်လည်ပွဲတွေထဲ အရပ်သားတွေကို ဇွတ်တင်း အဓမ္မ ပါဝင် ခိုင်းနေတယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေ ကြားထဲကပဲ ဇင်ဘာဘွေမှာ ဒီမိုကရေစီ ဖြစ်ထွန်းလာတဲ့ အပေါ် ကြိုဆိုတယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

ဇင်ဘာဘွေမှာ ဆယ်စုနှစ်ပေါင်း များစွာ အာဏာ ချုပ်ကိုင်ထားတဲ့ ရောဘတ် မူဂါဘီ ပြီးခဲ့တဲ့နှစ်က ရာထူးကနေ ဆင်းသွားပြီး အီမာဆင် မန်ဂါဂွာ သမ္မတနေရာ ဆက်ခံ ထားတာမှာ အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ မစ္စတာ မန်ဂါဂွာနဲ့ အပြိုင် အရွေးခံမယ့်သူတွေ တော်တော်များများ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ခွေးရူးပြန် ကာကွယ်ဆေးတွေ လိုက်စစ်ဆေး

တရုတ်နိုင်ငံမှာ ချင်ရှင်း ဇီဝ နည်းပညာ ကုမ္ပဏီရဲ့ အမျိုးသမီး ဥက္ကဋ္ဌ အပါအဝင် ကုမ္ပဏီ အမှုဆောင်တွေ အဖမ်း ခံလိုက်ရပါတယ်။

သူတို့ ကုမ္ပဏီက ထုတ်တဲ့ ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို အမှန်အတိုင်း မဖော်ပြ ခဲ့တဲ့ အမှုနဲ့ အခုလို အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အရည်အသွေးမမီတဲ့ ဆေးတွေကို ဖုံးကွယ်ဖို့ ကုမ္ပဏီဘက်က ကြိုးစား ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်လာခဲ့ပြီးတဲ့နောက် အဲဒီ ချင်ရှင်း ကုမ္ပဏီ အပေါ် စုံစမ်းမှုတွေ ပြုလုပ်ဖို့ သမ္မတ ရှီကျင်းပင် ကိုယ်တိုင် အမိန့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် DAVID CHANG
Image caption တိုင်ဝမ်ကို တိုင်ဝမ်အဖြစ် အသိအမှတ်ပြု ယှဉ်ပြိုင်လို

တိုင်ဝမ်မှာ နိုင်ငံတကာ အားကစား ပွဲတော် တရပ်ကို အိမ်ရှင် အဖြစ် လက်ခံဖို့ စီစဉ် ထားခဲ့ပြီးကာမှ ပွဲပျက်သွားတာဟာ တရုတ် ပြည်မကြီး အစိုးရရဲ့ ဖိအားကြောင့် ဖြစ်တယ်လို့ တိုင်ဝမ်က ပြစ်တင် ပြောဆို လိုက်ပါတယ်။

ပထမဆုံး အကြိမ် ပြုလုပ်မယ့် အရှေ့အာရှ လူငယ် အားကစား ပွဲတော်ကို တိုင်ဝမ်မှာ ကျင်းပဖို့ စီစဉ်ထားတာကနေ ဘေဂျင်းမြို့တော်မှာ အထူး အစည်းအဝေး ကျင်းပခဲ့ပြီး တိုင်ဝမ်မှာ မလုပ်တော့ဖို့ ဆုံးဖြတ် လာတာ ဖြစ်ပါတယ်။

အိုလံပစ် ကော်မတီ အဖွဲ့ဝင် တခြားနိုင်ငံကို တရုတ် အစိုးရက ဖိအား ပေးခဲ့တာကြောင့် တိုင်ဝမ် အနေနဲ့ ဒေါ်လာ သန်း ၂ဝ ကျော် သုံးစွဲ ထားနှင့်ပြီး အစီအစဉ် ပျက်သွားခဲ့ရတယ်လို့ တိုင်ဝမ်ဘက်က ပြောပါတယ်။