မြန်မာပိုးချည်ဖက်ရှင်နဲ့ ဂျပန်ဝန်ကြီးချုပ်ကတော်

မြန်မာပိုးချည်ဖက်ရှင်နဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် (ဘယ်အစွန်ဆုံး) ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပိုးချည်ဖက်ရှင်နဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် (ဘယ်အစွန်ဆုံး)

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ဇနီးဟာ မြန်မာချည်နဲ့ချုပ်တဲ့အင်္ကျီတချို့ကို ဝတ်ပြီးပွဲတက်တာကိုလူအနည်းငယ်လောက်ပဲသိကြမှာပါ။ သိချင်မှလည်းသိမှာပါ။

တကယ်တော့ ကမ္ဘာ့ထိပ်သီး အစည်းအဝေးတချို့မှာ ဝန်ကြီးချုပ်ကတော် အိုင်ကီအာဘေး ဝတ်တဲ့ဝတ်စုံတချို့ဟာ မြန်မာပြည်ဖွား ဒီဇိုင်နာ တယောက်ရဲ့လက်ရာတွေပါ။ ဒီဖက်ရှင်ဒီဇိုင်နာကတော့ မြန်မာလူငယ်တစ်ယောက်ပါ။

သူက ဂျပန်နိုင်ငံတိုကျိုမြို့မှာနေထိုင်ပြီး ဒီဇိုင်းလုပ်ငန်းမှာ အောင်မြင်နေတဲ့ မြန်မာပြည်ဖွားဂျပန် နိုင်ငံသား ဒီဇိုင်နာ ရှိဘူရဇာနည် ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင်တွေအပါအဝင် အောင်မြင်ကျော်ကြားသူတွေအတွက် ဒီဇိုင်းဆွဲပေးပါတယ်။ အဲဒီထဲမှာ ဂျပန်ဝန်ကြီးချုပ်ကတော်လည်းပါပါတယ်။ ကမ္ဘာ့ထိပ်သီးအစည်း အဝေးတခုမှာ သူဒီဇိုင်းဆွဲတဲ့ဝတ်စုံထဲကတစ်စုံကို ဂျပန်ဝန်ကြီးချုပ်ကတော်က ဝတ်သွားတာကို ရှိဘူရဇာနည် က အခုလိုပြန်ပြောပြပါတယ်။

"ဂျပန်ဝန်ကြီးချုပ်ကတော်က ကျနော်ဒီဇိုင်းဆွဲတဲ့ဝတ်စုံကိုဝတ်ပြီးတော့ ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးကိုတက်တယ်။ အဲဒါကြောင့်မို့ မြန်မာပြည်ကဖြစ်ပေမယ့် နိုင်ငံတကာကလူကြီးလူကောင်းတွေက ကျွန်တော့်ရဲ့ဒီဇိုင်း၊ ကျွန်တော့်ရဲ့ပညာကိုလေးစားတော့ ကျွန်တော်ဂုဏ်ယူပါတယ်" လို့ ဇာနည်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAUL LOEB/Getty Images
Image caption ဂျပန်ဝန်ကြီးချုပ်နဲ့ဇနီး ကနေဒါက G7 အစည်းအဝေးမှာတွေ့ရစဉ်

ရှိဘူရဇာနည်ဟာ အသက်လေးနှစ်အရွယ်ကတည်းက ဂျန်ပန်နိုင်ငံကိုသွားရောက်နေထိုင်ခဲ့တာပါ။ မြန်မာပြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်ဝန်ကြီးချုပ်ကတော်ကမိတ်ဆက်ပေးခဲ့လို့ တွေ့ဆုံခဲ့ဖူးတယ် လို့ဆိုပါတယ်။ ဒေါ်စုဝတ်တဲ့ဖက်ရှင်ဒီဇိုင်းတချို့ကို လည်း ဇာနည်ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး လက်ဆောင်အဖြစ်ကန်တော့ခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဒီဇိုင်းဆွဲရာမှာ သူသုံးတဲ့အရောင်တွေက မြန်မာပြည်က ပန်းတွေရဲ့အရောင်တွေ၊ ရာသီဥတု အလိုက်ပြောင်းလဲနေတဲ့အရောင်တွေကနေရလာတဲ့ ခံစားချက်၊ အတွေးကိုယူပြီးဒီဇိုင်းတွေ ထွင်တာလို့ ဇာနည်ပြောပါတယ်။

ဒီဇိုင်နာ ဇာနည်ဟာ မြန်မာနိုင်ငံက ပိုးချည်အထည်လုပ်ငန်းတွေနဲ့လည်းအဆက်အသွယ်ရှိပြီး ဘားအံမြို့က အမျိုးသမီးတချို့အတွက် စက်ချုပ်သင်တန်းတွေဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာရင်ဘောင်တန်းနိုင်တဲ့ ဒီဇိုင်းတွေကို မြန်မာပြည်ကပိုးချည်တွေနဲ့ ထုတ်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒီဇိုင်နာ ဇာနည်က ပြောပါတယ်။