သြဂုတ် ၂ ရက် ညချမ်း သတင်းတွေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက် မငြိမ်သက်တာတွေ ဖြစ်အောင် အတိုက်အခံတွေ လုပ်နေတာ လို့ အစိုးရ က စွပ်စွဲ

ရွေးကောက်ပွဲ အပြီး နောက်ပိုင်း မငြိမ်သက်မှုတွေ ဖြစ်နေတဲ့ ဇင်ဘာဘွေနိုင်ငံမှာ ရွေးကောက်ပွဲ ကော်မရှင် က မဲရလဒ်တွေကို မကြာခင် မှာ ထုတ်ပြန်ပေးမယ် လို့ ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ကူဘန်နီ မိုယို က ရွေးကောက်ပွဲ ကော်မရှင် လူကြီးတွေ လည်း ရလဒ်တွေ ထုတ်နိုင်ဖို့ ဝင်ကူနေပါတယ်၊ နိုင်ငံတဝန်းမှာ ရှိတဲ့ မဲရုံပေါင်း တသောင်း တထောင် က မဲတွေကို ရေတွက်နေပါတယ်၊ ရလဒ်တွေကို မကြာခင်ထုတ်ပေးနိုင်မယ် လို့မျှော်လင့်နေပါတယ် လို့ ပြောပါတယ်။

ဘယ်တော့လဲဆိုတာတော့ သူ က မပြောသွားပါဘူး။

တနင်္လာနေ့ အထွေထွေ ရွေးကောက်ပွဲအပြီး ဆန္ဒပြပွဲတွေ မြို့တော် ဟာရရီမှာ ဖြစ်နေတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption သေဒဏ်ပေးတာ ကို ပုပ် ဖရန်စစ် က အမြဲဆန့်ကျင်ခဲ့

သေဒဏ်နဲ့ ပတ်သက်ပြီး ရိုမန်ကက်သလစ် ဘုရားကျောင်းတော်ရဲ့ ရပ်တည်ချက် ပြောင်းလဲ လိုက်ပြီး ဘယ်လိုအခြေအနေ မှာ ဖြစ်ဖြစ် သေဒဏ်ပေးတာ ဟာ မှားယွင်းတယ် လို့ ကျောင်းတော်က ထုတ်ပြန်ပါတယ်။

သေဒဏ်ပေးတယ်ဆိုတာ ဟာ လူတယောက်ရဲ့ မဖျက်ဆီးအပ်တဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်တာ သာ ဖြစ်တယ်လို့ ဗာတီကန် က ပြောပါတယ်။

အရင်တုံး ကတော့ သေဒဏ်ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေ တွေမှာ လက်ခံနိုင်ဖွယ် ရှိတယ် လို့ ကျောင်းတော် က သဘောထား ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆေးကျောင်းသူတွေ ကို ဝင်ခွင့် မြှင့်ထားလို့ စွပ်စွဲနေကြ

ဂျပန် မှာ နာမည်ကြီး ဆေးတက္ကသိုလ် တခု က ကျောင်းသူတွေ ကို ဝင်ခွင့်ပေးတာ ထိန်းချင်လို့ အမျိုးသမီးတွေ ဝင်ခွင့် ဖြေရင် ရလဒ် တွေကို နည်းသွားအောင် ပြောင်းလိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် အဲဒီ တက္ကသိုလ် က သူတို့ စုံစမ်း စစ်ဆေးပါ့မယ် လို့ ကြေညာပါတယ်။

တိုကျို ဆေးတက္ကသိုလ်မှာ အမျိုးသမီး ကျောင်းသူ ၃၀ ရာခိုင်နှုန်းထက်မပိုအောင် အမျိုးသမီး ဝင်ခွင့်တွေ ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း ကန့်သတ် လိုက်တာ လို့ သတင်းတွေ က ရေးပါတယ်။

အမျိုးသမီးတွေဟာ ဆေးကျောင်းကို ပြီးအောင်မတက်ကြတာ၊ ဆရာဝန်ဖြစ်သွားပြီးနောက်ပိုင်း အိမ်ထောင်ကျတဲ့အခါမှာလည်း မိသားစုတာဝန်တွေကြောင့် ဆေးကုတဲ့အလုပ်ကို စွန့်လွှတ်သွားကြတာကြောင့် အဲဒီ ဆေးတက္ကသိုလ် က အခု လုပ်တာလို့လည်း သတင်းတွေ က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘုန်းကြီး ဇူချန်း ဟာ သြဇာကြီး သလို ဆိုရှယ်မီဒီယာ မှာလည်း ကျော်ကြားသူ ဖြစ်

နာမည်ကျော် တရုတ် ဗုဒ္ဓဘာသာ ဘုန်းကြီး တပါး က သူဟာ မယ်သီလရှင်တွေ ကို လိင်ပိုင်းဆိုင်ရာ နှောင့်ရှက် စော်ကားတာ၊ သူနဲ့ အိပ်ဖို့ ဖိအားပေးတာ စတဲ့ စွပ်စွဲချက် တွေ ကို ငြင်းပယ်လိုက်ပါတယ်။

သူ့ ကျောင်း က ဘုန်းကြီး ၂ ပါးက သူလုပ်ထားတဲ့ အသေးစိတ် ကို အစိုးရ ဆီ အစီရင်ခံစာ တင်ခဲ့ပြီးနောက်ပိုင်း အဲဒီ ဘုန်းကြီး ဇူချန်း ရဲ့ ငြင်းဆိုတာ ထွက်လာတာပါ။

ဒီဘုန်းကြီးဟာ တရုတ် ဗုဒ္ဓ ဘာသာ အသင်း ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်သလို အစိုးရ ရဲ့ နိုင်ငံရေး အကြံပေး တယောက်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အီဖယ် မျှော်စင် က ဝန်ထမ်းတွေ သပိတ်မှောက်နေ

ပဲရစ် က အီဖယ် မျှော်စင် မှာ ဓာတ်လှေခါး နဲ့ တက်ခွင့်ပြုပြီးတဲ့နောက် မျှော်စင်ပေါ် တက်ချင်သူတွေ များပြီး အလုပ်ပိုများလာတဲ့ အပေါ် အလုပ်သမားတွေ က သပိတ်မှောက်ကြလို့ အီဖယ် မျှော်စင် ကို ပိတ်ထားရတာ ၂ ရက်ရှိသွားပါပြီ။

အီဖယ် မျှော်စင် အတွက် အလုပ်လုပ်ကြတဲ့ ဝန်ထမ်း ၃၀၀ ရှိပြီး တနှစ်ကို မျှော်စင် ကိုလာကြတဲ့ ခရီးသည်ပေါင်း ၆ သန်းရှိပါတယ်။