ရေဘေးကြောင့် သေဆုံးသူ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ပိုများပြား

ရေဘေးသင့်ပြည်သူတွေ အလှူပစ္စည်းတွေ လာယူနေစဉ်
ဓာတ်ပုံ ပုံစာ,

ရေဘေးသင့်ပြည်သူတွေ အလှူပစ္စည်းတွေ လာယူနေစဉ်

မြန်မာနိုင်ငံတဝန်းလုံးမှာ ရေကြီးရေလွှမ်းတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတာ အခုဆိုရင်တော့ သီတင်းနှစ်ပတ်ကျော်လာပါပြီ။

အခုချိန်ထိ တချို့နေရာတွေမှာ စိုးရိမ်ရေမှတ်အနားမှာ ရှိနေသေးသလို တချို့နေရာတွေမှာတော့ မိုးဆက်တိုက် ဆက်ရွာနေမယ်ဆိုရင် ထပ်ပြီး ရေကြီးမယ့် အန္တရာယ်ကို စိုးရိမ်နေရတုန်းပဲ ဖြစ်ပါတယ်။

ရေကြီးတဲ့နေရာတွေဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိရှိနေတယ်လို့ သြဂုတ်လ ၆ရက်နေ့ ရက်စွဲနဲ့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အမျိူးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာတင် ကရင်ပြည်နယ်မှာ ၃ဦး မွန်ပြည်နယ်မှာ ၅ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသခံတွေရဲ့ အဆိုအရ ဒီထက်မက သေဆုံးသူဦးရေ များပြားနိုင်တယ်လို့ သိရပါတယ်။

ဘားအံမြို့မှာ ရေစတင်ကြီးတဲ့ အချိန်ကနေ သြဂုတ်လ ၆ရက်နေ့အထိ သေဆုံးသူ ရှစ်ဦးရှိပြီး သူတို့အသင်းက ဆယ်ယူရရှိတဲ့ အလောင်းကတော့ ခုနှစ်လောင်း ရှိတယ်လို့ ကရင်ပြည်နယ် ဘားအံမြို့ မာဃ လူမှုကူညီရေးအသင်းရဲ့ ဒုဥက္ကဌ ဦးယုဝမ်က ပြောပါတယ်။

တခြားစာရင်းမရသေးတာနဲ့ ရေနဲ့မျောပါပြီး ရုပ်အလောင်းမရရှိတဲ့ စာရင်းနဲ့ပါ ပေါင်းမယ်ဆိုရင်တော့ ကရင်ပြည်နယ်မှာတင် ဆယ်ဦးထက်မနည်းရှိနေပြီလို့လဲ ဦးယုဝမ်က ဘီဘီစီကို ပြောပါတယ်။

ရေဘေးမှာ သေဆုံးသွားသူတွေကတော့ ရေအတိမ်အနက် မမှန်းနိုင်တဲ့ အခြေအနေမှာ တနေရာကနေ တနေရာကို ကူးပြောင်းသွားလာရင်း လှေမှောက် သေဆုံးတာ၊ မိမိအိမ်ထဲ ပစ္စည်းဝင်ယူလို့ ရေနစ်သေဆုံးတာ အပြင် ရေစီးသန်တဲ့နေရာမှာ ဖြတ်ကူးရင်း ရေစီးကြောင်းနဲ့ မျောပါလို့ ဖြစ်ရတာ များတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

မြိုရွာတွေမှာ ရေတွေ ဝင်ခဲ့တာကြောင့် ဒေသခံတော်တော်များများ ဘေးလွတ်ရာကို ပြောင်း

ပဲခူး၊ စစ်တောင်း သံလွင် မြစ်ရေတွေဟာ လွန်ခဲ့တဲ့သီတင်းပတ်တွေက စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး အဲအနီအနားတဝှက်နေထိုင်တဲ့ မြိုရွာတွေမှာ ရေတွေ ဝင်ခဲ့တာကြောင့် ဒေသခံတော်တော်များများ ဘေးလွတ်ရာကို ပြောင်းခဲ့ရပါတယ်။

ဒေသခံ လူမှုကူညီရေး အသင်းတွေအနနဲ့တော့ ရေစတက်တက်ချင်း အန္တရာယ်ရှိတဲ့ ရေတက်နိုင်တဲ့ နေရာက လူတွေကို ရွှေ့ပြောင်းကယ်ထုတ်ပေးရသလို တချို့နေရာတွေမှာ မထင်မှတ်ဘဲ ရုတ်တရက် ရေတက်လာတာတွေကြောင့် ကယ်ဆယ်ရေးတွေ မြန်မြန်ဆန်ဆန်ပဲ လုပ်ခဲ့ရပါတယ်။

အခုချိန်မှာ ရေအနည်းငယ်ပြန်ကျသွားတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမှုရေးအဖွဲ့တွေက လတ်တလော ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ပေးနေရပါတယ်။

ကရင် ပြည်နယ် ၊ တနင်္သာရီ တိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို ့တွင် ရေဘေးရှောင် စခန်း ဖွင့်လှစ်ဆဲ စုစုပေါင်း ၃၃၈ ခုရှိပြီးတော့ ရေဘေးသင့်သူ ၁သိန်းခွဲခန့်ရှိနေပြီဖြစ်တယ်လို့ သြဂုတ်လ ၆ ရက်နေ့ ရက်စွဲနဲ့ အစိုးရက ထုတ်ပြန်ထားပါတယ်။